ဒီနေ့ကစားခဲ့တဲ့ ဆူဇူကီးဖလား အုပ်စုအဖွင့်ပွဲစဉ်မှာ မြန်မာအသင်းက ကမ္ဘောဒီးယားအသင်းကို (၄-၁)ဂိုးနဲ့ ဂိုးပြတ်အနိုင်ရရှိခဲ့ပါတယ်။ မြန်မာအသင်း နိုင်ပွဲရရှိခဲ့မှုမှာ မန္တလေးပရိသတ်ရဲ့ အားပေးမှုက အရေးပါခဲ့ပြီး အသင်းကို တစ်ခဲနက်အားပေးခဲ့မှုအပေါ်ကို ကျေးဇူးတင်မိတယ်လို့ မြန်မာအသင်းနည်းပြ အန်တွန်နီဟေးက ပွဲအပြီး သတင်းစာရှင်းလင်းပွဲမှာ ပြောကြားခဲ့ပါတယ်။
မန္တလာသီရိကွင်းကြီးထဲမှာ မြန်မာအသင်းပရိသတ်အများအပြားဟာ အသင်းကို ပွဲချိန်တစ်လျှောက်လုံး အော်ဟစ်အားပေးခဲ့တာ ဖြစ်ပါတယ်။ အသင်းရှုံးနိမ့်ချိန်မှာလည်း ပရိသတ်ရဲ့ အားပေးမှုက လျော့ကျသွားခြင်းမရှိပဲ ပွဲရှိန်တက်လာတာနဲ့အမျှ သူတို့ရဲ့ အားပေးမှုက မန္တလာသီရီ ကွင်းကြီးထဲမှာ တော်တော်လေးကို ကြက်သီးထစရာ ဖြစ်ခဲ့ပါတယ်။
"ဒီနေ့ပွဲအနိုင်ရတဲ့အတွက် အရမ်းပျော်ရွှင်မိပါတယ်၊ ဒီလိုအနိုင်ရတာက ပရိသတ်ကြောင့်လည်းပါပါတယ်၊ ဒီလို ကြက်သီးထစရာအားပေးမှုမျိုးကို မြင်တွေ့ရလိမ့်မယ်လို့ မထင်ခဲ့မိပါဘူး၊ ပရိသတ်ရဲ့ အင်တိုက်အားတိုက်အားပေးမှုက အသင်းနိုင်ပွဲကို အထောက်အကူပြုစေခဲ့တာပါ၊ ရန်ကုန်မှာလည်း ဒီလို အားပေးမှုမျိုး၊ ဒီလိုပရိသတ်အများကြီးကို မြင်ချင်ပါတယ်" လို့ အန်တွန်နီဟေးက သတင်းစာရှင်းလင်းပွဲမှာ ပြောကြားသွားခဲ့ပါတယ်။
မြန်မာအသင်း နဲ့ ကမ္ဘောဒီးယားအသင်းတို့ရဲ့ ပွဲစဉ်ကိုတော့ ပရိသတ်ပေါင်း (၂၆၀၀၀) ကျော် လာရောက်အားပေးကြည့်ရှုခဲ့တာဖြစ်ပြီး ကွင်းအတွင်းမှာ နေရာပြည့်လုမတတ်ဖြစ်ခဲ့တာ ဖြစ်ပါတယ်။ မြန်မာအသင်းအနေနဲ့လည်း ပထမပိုင်းမှာ ကမ္ဘောဒီးယားအသင်းကို အရေးနိမ့်နေပေမယ့်လည်း ဒုတိယပိုင်းမှာ ခြေစွမ်းပြခဲ့လို့ ဂိုးပြတ်နိုင်ပွဲ ရရှိခဲ့ပါတယ်။
(၁၂)ယောက်မြောက် ကစားသမားလို့ နာမည်တပ်ခြင်းခံထားရတဲ့ အသင်းပရိသတ်တွေကတော့ သူတို့ရဲ့ တာဝန်ကို အကောင်းဆုံး ထမ်းဆောင်ခဲ့ပါတယ်။ ကစားသမားတွေကလည်း သူတို့ရဲ့ အလုပ်ကို အကောင်းဆုံးပြုလုပ်နိုင်ခဲ့တဲ့အတွက် ဒီနေ့ကစားခဲ့တဲ့ မန္တလာသီရိကွင်းက ပွဲစဉ်မှာတော့ မြန်မာအသင်း နဲ့ ပရိသတ်တွေအားလုံးဟာ တာဝန်ကိုယ်စီ ကျေပွန်ခဲ့ကြပါတယ်။