ကမ္ဘာကျော် သိပ္ပံဇာတ်ကောင်များဖြစ်တဲ့ Spider Man ၊ X-Men ၊ iron Man စတဲ့ ဒါဇင်နဲ့ချီတဲ့ comic ဟီးရိုးတွေကို ရေးဆွဲခဲ့တဲ့ စတန်လီဟာ အသက် ၉၅ နှစ်အရွယ် နိုဝင်ဘာ ၁၂ ရက်နေ့မှာ ကွယ်လွန်ခဲ့ပါတယ်။
Photo: Spy.co.nz - NZ Herald
ပထမကမ္ဘာစစ်အလွန်မှာ လူဖြစ်လာတဲ့ စတန်လီဟာ သမိုင်းမှာ အအောင်မြင်ဆုံး သိပ္ပံရုပ်ပြစာအုပ်တွေ ဖြစ်တဲ့ Spider-man ၊ Hulk ၊ Doctor Strange ၊ Fantastic Four ၊ Thor ၊ Avengers ၊ Daredevi ၊ Black Panther နဲ့X-Men စတဲ့ ဟီးရိုးတွေကို သူ့ရဲ့ လုပ်ဖော်ကိုင်ဘက်တွေ ဖြစ်တဲ့ ဂျက်ခ်ကီယာဘီ ၊ စတိဗ်ဒစ်ကိုတို့နဲ့ပူးတွဲပြီး ရေးဆွဲခဲ့ပါတယ်။ ဒါကတော့ ၁၉၆၀ ပြည့်လွန်နှစ်များက Marvel အနေနဲ့ဟီးရိုးတွေ မွေးထုတ်ခဲ့တဲ့ ဇာတ်လမ်းအကျဉ်းချုပ်ပါပဲ။
စတန်လီရဲ့ ထူးခြားတဲ့ လုပ်ဆောင်ချက်က comic တွေကို ရုပ်ရှင်အနေနဲ့အသွင်ပြောင်းတဲ့ အပိုင်းမှာပါ အရေးပါတဲ့ အခန်းကဏ္ဍက ပါဝင်ခဲ့တာဖြစ်ပါတယ်။ အထူးသဖြင့် ရုပ်ပြထဲက ဟီးရိုးတစ်ကောင်ချင်းစီကို သူတို့ရဲ့ စွန့်စားခန်းတွေကို အရောင်တင်ပေးဖို့ရှုပ်ထွေးလှတဲ့ ခံစားချက်တွေ ရှင်သန်လာခဲ့ပုံတွေ ထည့်သွင်းပြီး ရုပ်ပြလောကကို သွေးသစ်လောင်းခဲ့တာပါ။
စတန်လီဟာ ၁၉၃၉ ခုနှစ်မှာ Timely Comics မှာ illustrator တစ်ယောက် ၊ ရုပ်ပြရေးသူတစ်ယောက်အနေနဲ့အလုပ်ဝင်ခဲ့ပါတယ်။ အဲဒီအချိန် ရုပ်ပြလောကမှာ နာမည်ကြီးနေတာက DC Comic လို့ခေါ်ကြတဲ့ Superman ၊ Batman ၊ Wonder Woman နဲ့Green Lantern ဖန်တီးသူတွေက ကြီးစိုးနေတာပါ။
၁၉၆၀ ပြည့်လွန်နှစ်များမှာ စတန်လီဟာ DC ရဲ့ Justice League ကို ယှဉ်ဖို့ဂျက်ကီယာဘီနဲ့စတိဗ် ဒစ်ကိုတို့နဲ့ပေါင်းပြီး စူပါ ဟီးရိုးတစ်ဖွဲ့ကို ဖန်တီးခဲ့တာ ဖြစ်ပါတယ်။ သူ ဦးဆောင်ပြီး Marvel ကို အသက်ဝင်စေခဲ့တာကြောင့် သိပ္ပံစိတ်ကူးယဉ်ရုပ်ပြတော်လှန်ရေးမှာ ထင်ရှားခဲ့တာပါ။
သူ့ဘဝရဲ့ အတောက်ပဆုံးကာလများမှာ တစ်နှစ်ကို ရုပ်ပြစောင်ရေ သန်း ၅၀ အထိ ရောင်းချနိုင်ခဲ့ပါတယ်။ Marvel မှာ ရုပ်ပြရေးတာ ရပ်ခဲ့တဲ့ ၁၉၇၁ ခုနှစ်အထိ လီဟာ Marvel ရဲ့ မျက်နှာဖုံးကာဗာတွေအတွက် ကော်ပီအားလုံးကို ရေးဆွဲခဲ့တာပါ။
Marvel ကို ရုပ်ပြလောကမှာ ထိပ်ဆုံး ရောက်အောင် တင်ခဲ့တဲ့ သူ့ရဲ့ ဂုဏ်သတင်းဘယ်လောက်ကြီးသလဲ ဆိုရင် "Marvel comic တစ်အုပ်ကို ဖွင့်ကြည့်ပါ။ အဲဒီမှာ စတန် ရှိနေမယ်" လို့တောင် ပြောရတဲ့ အထိပါပဲ။
Marvel ကို ဝယ်သွားတဲ့ Walt Disney ကုမ္ပဏီရဲ့ CEO နဲ့chairman ဖြစ်သူ ဘော့ဘ်အိုက်ဂါကတော့ " စတန်လီက သူဖန်တီးတဲ့ ဇာတ်ကောင်တွေလိုပဲ ထူးခြားနေတယ်။သူ့မှာ ဉာဏ်ကွန့်နိုင်တဲ့ ဖျော်ဖြေနိုင်တဲ့ စွမ်းရည်နဲ့အချင်းချင်း ဆက်သွယ်စေနိုင်တဲ့ အားရှိတယ်။ သူ့ရဲ့ စိတ်ကူးကွန့်နိုင်စွမ်းထက် သာတာက သူ့နှလုံးသားပါ" လို့ဆိုပါတယ်။
လီ့ကို သာမန်ကလေးကြိုက် ရုပ်ပြကာတွန်းဇာတ်ကောင် ဖန်တီးသူလို့ထင်ရင် အမှားကြီးမှားပါလိမ့်မယ်။ သူဖန်တီးခဲ့တဲ့ X-Men နဲ့Black Panther တို့ကို ကြည့်လိုက်ပါ။ တရားမျှတမှု မရှိခြင်းကို ဘယ်လို တိုက်ခိုက်အနိုင်ယူတယ်ဆိုတာက အနှစ်သာရအဖြစ် ထည့်ထားပါတယ်။ Captain America မှာဆို နိုင်ငံကို စောင့်ရှောက်ကာကွယ်လိုတဲ့ မျိုးချစ်စိတ်ဓါတ် စတဲ့ လူသားဆန်မှု လက္ခဏာတွေအကြောင်း ပြထားပါတယ်။
ဒါတွေထက် လီဟာ လူတိုင်းရဲ့ ထူးခြားကွဲပြားမှုတွေဟာ သူတို့ရဲ့ စူပါပါဝါတွေ ဖြစ်ကြောင်း မီးမောင်းထိုးပြခဲ့သူ ဖြစ်ပါတယ်။ စတန်လီရဲ့ အံ့သြစရာကိစ္စတစ်ခုက သူရေးခဲ့တဲ့ Marvel ကားတွေထဲမှာ ဖြတ်လျှောက်အနေနဲ့ဇာတ်ပို့ခန်းက ပါဝင်သရုပ်ဆောင်ခဲ့တာပါ။ ဘယ်သူမှ သိပ်မသိတဲ့ နေရာမျိုးပေါ့။
Disney ဟာ ၂၀၀၉ မှာ Marvel Entertainment ကို ဒေါ်လာ ၄ ဘီလျံနဲ့ဝယ်ယူခဲ့ပြီးနောက် ငွေကြေးအရအလွန့်ကို ပေါက်ခဲ့တဲ့ စူပါဟီးရိုးရုပ်ရှင်တွေ အဖြစ် ထုတ်လုပ်ခဲ့ပါတယ်။ ရုပ်ရှင်အနေနဲ့အကြီးအကျယ် ပေါက်ခဲ့သလို Marvel ရဲ့ ဇာတ်ကောင်တွေဟာလည်း ကမ္ဘာအနှံ့ထင်ရှားခဲ့ပါတယ်။ လီ ကွယ်လွန်ခြင်းဟာ comic ချစ်သူများအတွက် ကြေကွဲစရာ ဖြစ်ခဲ့ပါတယ်။
Photo: Robert Downey Jr.
လူ့လောကမှာ ၉၅ နှစ်တာ ရှင်သန်ခဲ့တဲ့ သူ့ဘဝတာအတွင်း လီဟာ ရာပေါင်းများစွာသော စူပါဟီးရိုးနဲ့ဗီလိန်ဇာတ်ကောင်တွေ ဖန်တီးခဲ့ပြီး လူသားကမ္ဘာကို လွမ်းစရာ ၊ မှတ်သားစရာ ဖြစ်အောင် ချန်ခဲ့ပါတယ်။
Share