ယူကေဈေးကွက်ထဲ ဝင်ရောက်လာတဲ့ Xiaomi ကတော့ စစချင်း ဆောက်နဲ့ထွင်းတဲ့ အလုပ် လုပ်လိုက်ပါတယ်။
Photo: Trusted Reviews
ဈေးကွက်ထဲ ရောက်ပြီးနောက် Xiaomi ဟာ ၂၀၁၈ မော်ဒယ် ဖုန်းသစ် နှစ်မျိုး ဖြစ်တဲ့ Xiaomi Mi A2 နဲ့Xiaomi Mi 8 Lite တို့ကို စတာလင် ၁ပေါင် (မြန်မာငွေ ၂ ထောင်ကျော်) ဈေးနဲ့Flash Sale လုပ်ပြီး မဖြစ်နိုင်တဲ့ ဈေးနဲ့ပရိုမိုးရှင်း ဆင်းခဲ့ပါတယ်။ ပြဿနာက Flash sale မှာ တကယ်တမ်း စတာလင် ၁ ပေါင်တည်းနဲ့ရောင်းတဲ့ ဖုန်းက အများဆုံးမှ ၂ လုံး ၃ လုံးပဲ ရှိပြီး flash sale ဖွင့်ပြီးပြီးချင်း Sold Out လုပ်သွားတာပါ။
ဒီကိစ္စကို လူမှုကွန်ရက်တွေမှာ ဝေဖန်နေကြပြီး UK မှ ကြော်ငြာများ စောင့်ကြည့်ရေးအဖွဲ့ကလည်း တိုင်ကြားစာများ ရထားတာကြောင့် စုံစမ်းဖို့စဉ်းစားနေတယ်လို့ဆိုပါတယ်။ Xiaomi ကတော့ ယူကေပရိတ်သတ်များအနေနဲ့နောက်ထပ် flash sale တွေမှာ ထပ်ပြီး ကံစမ်းဖို့ဆွဲဆောင်နေပါတယ်။
"ကျွန်မတို့အနေနဲ့flash sale တွေကို ၂၀၁၃ ကတည်းက လုပ်လာခဲ့တာပါ။ ပြောရရင် flash sale ဆိုတာ စမတ်ဖုန်းတွေကို အံ့အားသင့်အောင် နည်းပါးလွန်းတဲ့ ဈေးနှုန်းတွေနဲ့ကံထူးတဲ့ ဝယ်သူအနည်းငယ်ဆီ ပေးတဲ့ ပုံစံပါ" လို့Xiaomi ရဲ့ ယူကေမှ ပြောခွင့်ရအမျိုးသမီးက ဆိုပါတယ်။
"အခုကတော့ ယူကေမှာ ပထမဆုံး လုပ်တာဖြစ်ပြီး ကျွန်မတို့မှန်းထားတာထက် အတော်ကြီးကို စိတ်ဝင်စားမှု များခဲ့ပါတယ်။ ဒီအခွင့်အရေးကို လက်လွတ်လိုက်ရသူတွေအတွက်လည်း စိတ်မကောင်းပါဘူး။ ဒါပေမယ့်လည်း နောက်များမှာ အခုလို flash sale တွေလုပ်တဲ့အခါ ကြေငြာသွားမှာ ဖြစ်လို့လာဝယ်စေချင်ပါတယ်" လို့ပြောပါတယ်။
Xiaomi ရဲ့ စီးပွားရေးပုံစံဟာ ဈေးနည်းနည်းနဲ့ပစ္စည်းရောင်းကုန်အောင် လုပ်တာပါ။ သို့သော်လည်း Xiaomi ရဲ့ ဈေးကွက်သစ် ယူကေပရိတ်သတ်များကတော့ flash sale နဲ့လူဆွဲတဲ့ ပုံစံကို ဝေဖန်နေကြပါတယ်။
"ဒေါ်လာ ဘီလျံ ၅၀ လောက် တန်တဲ့ ကုမ္ပဏီတစ်ခုကဗျာ သူ့ရဲ့ ဈေးကွက်သစ်မှာ brand ဖောက်ဖို့အတွက် အလုံး ၅၀ လောက်တောင် flash sale မပေးနိုင်ဘူးတဲ့လား။ ဒါဆိုရင်တော့ ဒီမှာ သူတို့ဖောက်သည်တွေ လစ်ကုန်မှာပဲ" လို့Xiaomi UK ရဲ့ Facebook မှာ မှတ်ချက်ပေးခဲ့ပါတယ်။ တစ်ချို့ကလည်း ဝက်ဘ်ဆိုက်ကို လာပြီး click ပေး ဝင်အောင် လှည့်ဖျားတဲ့ clickbait လုပ်တာပဲလို့ဝေဖန်နေပါတယ်။
Xiaomi Mi 8 Lite နဲ့Mi A2 တို့ဟာ ယူကေဈေးကွက်မှာ ၂၇၉ ပေါင်နဲ့၂၅၉ ပေါင် ဈေးတွေနဲ့ဝင်ရောက်လာတာ ဖြစ်ပါတယ်။ flash sale ကိုတော့ ၄ ခု လုပ်ပေးခဲ့ပြီး တစ်ကြိမ်မှာ ဖုန်း ၂ လုံး ၃ လုံးပဲ စက္ကန့်ပိုင်းအတွင်း ရောင်းချခဲ့တာပါ။
Share