လီဗာပူးတိုက်စစ်မှူးစတာရစ်ချ်ဟာ ပြီးခဲ့တဲ့ဇန်နဝါရီမှာ ဝက်စ်ဘရွန်းအသင်းကိုအငှားနဲ့ပြောင်းရွှေ့တာနဲ့ ပတ်သက်ပြီး အက်ဖ်အေရဲ့လောင်းကစားစည်းမျဉ်းကို ချိုးဖောက်ခဲ့တယ်လို့ စွဲချက်တင်ခံခဲ့ရတာပါ။
လီဗာပူးတိုက်စစ်မှူး စတာရစ်ချ်က အက်ဖ်အေရဲ့စွဲချက်တင်ခံခဲ့ရပြီးတဲ့နောက် ဘောလုံးလောင်းကစားကို ဘယ်တုန်းကမှမလုပ်ခဲ့ဖူးဘူးလို့ ပြောကြားခဲ့ပါတယ်။ အက်ဖ်အေကတော့ ပြီးခဲ့တဲ့ တနင်္လာနေ့မှာ စတာရစ်ချ်ကို စွဲချက်မတင်ခင် (၈)လလောက် စုံစမ်းစစ်ဆေးမှုတွေ လုပ်ခဲ့ပါတယ်။
အခုလိုစွဲချက်တင်ခံခဲ့ရတာကြောင့် လီဗာပူးနဲ့စာချုပ်သက်တမ်း နောက်ဆုံးနှစ်ကိုရောက်နေတဲ့ စတာရစ်ချ်ရဲ့အနာဂတ် မရေမရာ ဖြစ်ခဲ့ရပါတယ်။ လောင်းကစားစည်းမျဉ်း ချိုးဖောက်တဲ့ကစားသမားတွေကို အက်ဖ်အေက ပြင်းပြင်းထန်ထန် အရေးယူခဲ့ဖူးတဲ့ သာဓကတွေ ရှိခဲ့ပါတယ်။
လွန်ခဲ့တဲ့(၁၀)နှစ်က လောင်းကစားမှုနဲ့ပတ်သက်လို့ အက်ဖ်အေရဲ့စွဲချက်တင်မှုကို လက်ခံခဲ့တဲ့ ဘန်လေကစားသမားဟောင်းဘာတန်ဆိုရင် ပြီးခဲ့တဲ့နှစ်က (၁၈)လပွဲပယ်ပြစ်ဒဏ်ချမှတ်ခံခဲ့ရဖူးပါတယ်။
Photo: WBA FC via Getty Images
ဘောလုံးလောင်းကစာ းမလုပ်ဖူးဘူးလို့ စတာရစ်ငြင်းထားပေမယ့် ဒီစွဲချက်က တိုက်ရိုက်လောင်းကစားလုပ်လို့ တင်ခံရတာမဟုတ်ဘဲ ဘောလုံးနဲ့ပတ်သက်တဲ့ သတင်းအချက်အလက် ပေါက်ကြားမှုနဲ့ စွဲချက်တင်ခံခဲ့ရတာပါ။
စတာရစ်ချ်ဟာ ပြီးခဲ့တဲ့ဇန်နဝါရီ(၂၉)ရက်မှာ လီဗာပူးကနေ ဝက်စ်ဘရွန်းကို အငှားစာချုပ်နဲ့ ပြောင်းရွှေ့ခဲ့ပါတယ်။ ဒီအပြောင်းအရွှေ့မဖြစ်ခင် (၁၀)ရက်အလိုလောက်မှာ ခန့်မှန်းကုမ္ပဏီတွေက သူ့ရဲ့အပြောင်းအရွှေ့ကိုဖြစ်နိုင်ခြေမရှိတဲ့ ၂၅ လေး ၁ လေးဖွင့်လှစ်ခဲ့ပါတယ်။
အသက်(၂၉)နှစ်အရွယ်အင်္ဂလန်တိုက်စစ်မှူးဟာ အက်ဖ်အေရဲ့စွဲချက်ကို နိုဝင်ဘာလ(၂၀)ရက်နေ့ နောက်ဆုံးထားပြီး ဖြေရှင်းရမှာဖြစ်ပါတယ်။ လီဗာပူးအသင်းက စတာရစ်ကို ထောက်ခံခဲ့ပြီး စုံစမ်းစစ်ဆေးမှုတွေမှာ ပူးပေါင်းပါဝင်သွားမယ်လို့ ထုတ်ပြန်ခဲ့ပါတယ်။