လောဘ၊ဒေါသ၊မောဟတွေကြောင့် ကံ၊ကံ၏အကျိုးကိုမေ့လျော့နေတတ်ကြပါတယ်။
 

ကံ၊ကံ၏အကျိုးကို ဗုဒ္ဓဘာသာဝင်တိုင်းလက်ခံထားကြပေမယ့် လောဘ၊ဒေါသ၊မောဟတွေကြောင့် မေ့မေ့လျော့လျော့နဲ့ မကောင်းမှုတွေကို ကျူးလွန်မိတတ်သလို ကုသိုလ်ကောင်းမှုတွေပြုကြဖို့လည်းမေ့လျော့နေတတ်ကြပါတယ်။

ဒီလိုမဖြစ်ရအောင် ကံ၊ကံ၏အကျိုးကိုမမေ့လျော့ဖို့ အကောင်းဆုံးနှိုးဆော်လိုက်တာကတော့ ၂၀၁၈ ခုနှစ်နှစ်ကုန်ပိုင်းမှာ ထွက်ရှိလာတဲ့ မြန်မာရုပ်ရှင်ဇာတ်ကားကောင်းတစ်ကားဖြစ်တဲ့ ကြတ်ဂူရုပ်ရှင်ဇာတ်ကားကြီးပါပဲ။

သူတစ်ပါးအသက်ကိုသတ်ဖြတ်တဲ့အလုပ်နဲ့အသက်မွေးဝမ်းကျောင်းတဲ့ မုဆိုးအလုပ်ကြောင့် အကုသိုလ်အကျိုး ခံစားရပုံတွေကို ကယားပြည်နယ်ကထူးဆန်းအံ့သြစရာတွေနဲ့ပြည့်နေတဲ့ ကြတ်ဂူကြီးကိုနောက်ခံထားပြီး ရိုက်ကူးထားတဲ့ ဒီရုပ်ရှင်ဟာ ထိတ်လန့်စရာ၊ ကြေကွဲစရာ၊ ဆွတ်ပျံ့ကြည်နူးစရာ ခံစားမှုရသမျိုးစုံကိုပေးနိုင်တာ တွေ့ရပါတယ်။



ဇာတ်လမ်း၊ဇာတ်အိမ်ခိုင်မာကောင်းမွန်သလို ရိုက်ကူးပုံတွေလည်းသေသပ်လှပတာကြောင့် ထူးခြားဆန်းကြယ်တဲ့ ကြတ်ဂူကြီးအပြင် ကယားပြည်နယ်ရဲ့ လှပတဲ့ရှုခင်းတွေကိုလည်း ရင်သပ်ရှုမောဖွယ်ခံစားကြည့်ရှုကြရမှာပါ။

သရုပ်ဆောင်ပိုင်းမှာလည်း  လူမင်း၊မြင့်မြတ်၊ ထွန်းအိန္ဒြာဗိုလ်၊ အိန္ဒြာကျော်ဇင်တို့ဟာ ဝါရင့်သရုပ်ဆောင်တွေဖြစ်တာနဲ့ အညီကိုယ့်ရဲ့ဇာတ်ရုပ်ကိုအပီပြင်ဆုံးသရုပ်ဆောင်ထားပြီး ကျော်ထက်အောင်ကလည်း သရုပ်ဆောင်အသစ် တစ်ယောက်လို့ မထင်ရလောက်အောင်ကို ပီပီပြင်ပြင်သရုပ်ဆောင်သွားခဲ့ပါတယ်။

နောက်ခံတီးလုံးတွေကလည်း ဇာတ်လမ်းရဲ့ ဇာတ်ရှိန်အတက်အကျကို ပံ့ပိုးပေးနိုင်တာကြောင့် ရုပ်ရှင်ရဲ့အရသာကိုအပြည့်အဝ ခံစားကြရမှာပါ။

ဇာတ်လမ်းအကျဉ်း

ထော်ကြီး (မြင့်မြတ်) ဟာ အသားဟင်းပါမှထမင်းစားတတ်တဲ့ မုဆိုးတစ်ဦးပါ။ သူ့ရဲ့ဖခင် (လူမင်း)ဟာလည်း မုဆိုးတစ်ဦးပဲ ဖြစ်ပြီး ပွဲတော်ရက်မှာတောလိုက်ထွက်ရင်း ချောက်ထဲပြုတ်ကျသေဆုံးကာ ပြိတ္တာဘုံမှာရောက်ရှိလို့နေပါတယ်။ ထော်ကြီးရဲ့ မိခင် (ထွန်းအိန္ဒြာဗိုလ်) ဟာလည်း ခင်ပွန်းဖြစ်သူဆုံးပါးမှုကြောင့် စိတ်ထိခိုက်ပြီး တစ်ခါတစ်ခါ စိတ်ဖောက်ကာ ကြတ်ဂူထဲက အခေါင်းတစ်ခုထဲမှာ သွားအိပ်ရင်းခင်ပွန်းဖြစ်သူပြန်အလာကိုစောင့်နေတတ်သူပါ။ ရွှေမျှင်( အိန္ဒြာကျော်ဇင်) က ထော်ကြီး တစ်ဖက်သတ်ချစ်ရတဲ့ ရွာကအလှဆုံးကောင်မလေးတစ်ယောက်ဖြစ်ပါတယ်။ မြို့ကကျောင်းဆရာလေး (ကျော်ထက်အောင်) ရွာကိုရောက်လာပြီးရွှေမျှင်နဲ့ရင်းနှီးလာတာကြောင့် ထော်ကြီး နဲ့ ရွှေမျှင်ကြားပြဿနာတွေဖြစ်ကြရင်း ထော်ကြီးတစ်ယောက် ရွှေမျှင်ကိုစိတ်ဆိုးကာ ပွဲတော်ရက်မှာတောလိုက်ထွက်ဖို့ပြင်တဲ့အခါ.... ဖခင်ဖြစ်သူတုန်းကကြုံခဲ့ရတဲ့အဖြစ်ဆိုးနဲ့ ကြုံရမလား ၊ ထော်ကြီးရဲ့မိခင်၊ ကွယ်လွန်သွားပြီးပြိတ္တာဘုံရောက်နေတဲ့ ဖခင်နဲ့ရွှေမျှင်တို့က ထော်ကြီးတောလိုက် ထွက်မှာကို တားဆီးနိုင်မှာလား....ဘာတွေဆက်ဖြစ်မလဲဆိုတာကို စိတ်ဝင်စားဖွယ်ခံစားကြည့်ရှုကြရမှာပဲဖြစ်ပါတယ်။


ဆက်စပ်အကြောင်းအရာများ

Share

Loading Next Article...
က္က