မိုးယံဇွန်က ကိုယ်တိုင်ရေးသားထားတဲ့ ဇာတ်ညွှန်းဖြစ်တဲ့ ''အကြင်နာမြစ်ဖျား'' ဆိုတဲ့ ရုပ်သံဇာတ်လမ်းတွဲကို နိုဝင်ဘာလ အ တွင်း မှာ ရိုက်ကူး ပုံဖော်သွားမှာဖြစ်ပါတယ်။ သူ့ရဲ့ ကိုယ်ပိုင်စိတ်ကူးလေး နဲ့ ဖန်တီးဖြစ်ခဲ့တဲ့ အကြောင်းကိုလည်း ဆက်လက် ပြောပြထားပါတယ်။
Photo: မိုးယံဇွန်ဖေ့စ်ဘွတ်
သရုပ်ဆောင်မိုးယံဇွန် ကလက်ရှိမှာ အကြင်နာမြစ်ဖျား ဆိုတဲ့ ရုပ်သံဇာတ်လမ်းတွဲမှာ ပါဝင်သရုပ်ဆောင်နေတာဖြစ်ပါတယ်။ ဒီဇာတ်လမ်းတွဲ က သူ့ရဲ့ ကိုယ်ပိုင် စိတ်ကူးလေးဖြစ်တာကြောင့် ပါဝင်သရုပ်ဆောင်ခွင့်ရတဲ့အခါမှာ ဝမ်းသာပီတိဖြစ်မိတယ်လို့ မီဒီယာတွေကနေတဆင့် ပြော ပြခဲ့ပါတယ်။
'' အကြင်နာ မြစ်ဖျား'' ဆိုတဲ့ ဇာတ်ကားက ကျွန်တော်ကိုယ်တိုင် စိတ်ကူးပုံဖော်ထားတဲ့ ဇာတ်ကားပါ။ ကျွန်တော်ကိုယ်တိုင်ပဲ ဒီဇာတ်ကားမှာ အဓိက ပါဝင်သရုပ်ဆောင်ရမှာဆိုတော့ ပျော်တယ်။ ဝမ်းသာတယ်။ ကျွန်တော်က ငယ်ငယ်လေးကတည်းက အဖေနဲ့ အတူ တပ်ထဲမှာလိုက်နေ ရတယ်၊ ကျောင်းတက်လဲ တပ်ထဲမှာပဲနေရတာဆိုတော့ တပ်ရဲ့ အလေ့အထလေးတွေကို သိနေပြီးသား'' လို့ ဆက်လက်ပြောပြလာပါတယ်။
Photo: မိုးယံဇွန်ဖေ့စ်ဘွတ်
အနုပညာရှင်များစွာပါဝင်တဲ့ '' အကြင်နာမြစ်ဖျား'' ရုပ်သံဇာတ်လမ်း
ဒီဇာတ်လမ်းတွဲဟာ တပ်ထဲမှာကြုံတွေ့ခဲ့ဖူးတဲ့ အတွေ့အကြုံလေးအနည်းငယ်စီကို ရေးဖွဲ့ထားတဲ့ ဇာတ်လမ်းတစ်ပုဒ်ဖြစ်တယ်လို့လည်း မိုးယံဇွန် က ပြောပါတယ်။ ဒီဇာတ်ကားမှာ ပရိသတ်တွေ ရရှိနိုင်မယ့် သင်ခန်းစာအကြောင်းအရာလေးကိုလည်း နိုဝင်ဘာလ ၁၁ ရက်နေ့ မနက်ပိုင်းက '' အကြင်နာ မြစ်ဖျား'' ဇာတ်ကား ကန်တော့ပွဲမှာ ဖြေဆိုခဲ့တာပါ။
'' သူတို့တွေရဲ့ စိတ်နေ စိတ်ထား၊ ဗိုလ်လောင်းတစ်ယောက်ရဲ့ ခံယူချက်၊ အမိန့်တွေ စည်းတွေ ဘောင်တွေအောက်မှာ ရှင်သန်လာရတဲ့ ဗိုလ် လောင်းတစ်ယောက်ရဲ့ ခံယူချက် လေးတွေကို ဒီဇာတ်ကားလေးထဲမှာ ကျွန်တော်ထည့်ထားတယ်ပေါ့နော်။ ကျွန်တော်တို့ ကားက ပေါ်လစီ ကားလည်း မဟုတ်သလို စစ်ကားလည်း မဟုတ်ပါဘူး'' လို့ ဆိုပါတယ်။
Photo: မိုးယံဇွန်ဖေ့စ်ဘွတ်
မိုးယံဇွန်အနေနဲ့ ဒီဇာတ်လမ်းတွဲအကြောင်းကို ရေးသားခဲ့တာကလည်း သူ့ရဲ့ အတွေ့အကြုံတွေကြောင့် ရေးဖြစ်ခဲ့တယ်လို့ ဆိုပါတယ်။ စစ်တပ် ကို အခြေခံထားတဲ့ ဇာတ်ကားဆိုပေမယ့်လည်း အချစ်ဇာတ်ကားကောင်း တစ်ကားဖြစ်တယ်လို့ ဆက်လက်ပြောပြထားပါတယ်။
'' စစ်တပ်ကို အခြေခံထားပြီးတော့မှ ဇာတ်ကောင်တွေဖွဲ့စည်းပုံဖော်ထားတဲ့ အချစ်ကားလေးပေါ့။ တပ်ထဲက အရာရှိကလေးတွေနဲ့ သာမာန် ကလေးတွေရဲ့ ကွာခြားတဲ့ အချက်တွေကလည်း ဒီဇာတ်ကားထဲမှာ ပါတယ်ပေါ့နော်။ အဲ့ဒီအမြင်တွေက ဘာကြောင့်ဖြစ်လာတယ် ဆိုတာကို ဒီဇာတ်ကားထဲမှာ ထည့်ပေးထားတယ်'' လို့ ဖြေဆိုခဲ့ပါတယ်။
'' အကြင်နာမြစ်ဖျား'' ရုပ်သံဇာတ်လမ်းတွဲကို 7 Sence Production က ထုတ်လုပ်တာဖြစ်ပြီး ဒါရိုက်တာ သားညီက ရိုက်ကူးပုံဖော်သွားမှာ ဖြစ်ပါတယ်။ ဒီဇာတ်လမ်းတွဲကို Lar Lar Kyi App ကနေ ထုတ်လွှင့်ပြသမယ်လို့ သိရပါတယ်။ ဒီဇာတ်လမ်းတွဲထဲမှာ မိုးယံဇွန်၊ ထူးအောင်၊ Wai လျှံ ၊ ဝေဖြိုး၊ ခင်ဝင့်ဝါ၊ ထက်ထက်ထွန်း၊ ချစ်စနိုးဆု နဲ့ မေကဗျာဦးတို့က အဓိက ပါဝင်သရုပ်ဆောင်သွားမှာဖြစ်ပါတယ်။