ဇော်မင်းထွန်းက မြန်မာအသင်းရဲ့ အားထားရတဲ့ နောက်တန်းခံစစ်မှူးပါ။

"ကျွန်တော်က တောရွာလေးတစ်ရွာမှာ မွေးခဲ့တာဗျ၊ ပြောမယ်ဆိုရင် တောအုပ်တစ်ခုလိုမျိုးပေါ့၊ ဒီတော့ ကျွန်တော် ဘောလုံးကွင်းဆိုတာကို ကျွန်တော့်အသက် (၁၃)နှစ်သားရောက်တဲ့အထိကို မတွေ့ဖူးခဲ့ဘူး" လို့ မြန်မာ့လက်ရွေးစင်အသင်း နောက်ခံလူ ဇော်မင်ထွန်းက ပွင့်ပွင့်လင်းလင်း ထုတ်ဖော်ပြောဆိုသွားခဲ့ပါတယ်။



Photo : affsuzukicup

 

ဒီအကြောင်းကို AFF Suzuki Cup တရားဝင်ဝက်ဘ်ဆိုက်မှာ ဖော်ပြထားတာ ဖြစ်ပါတယ်။ ဇော်မင်းထွန်းက လက်ရှိ မြန်မာ့လက်ရွေးစင် အသင်းမှာ အားကိုးရတဲ့ နောက်ခံကစားသမားပါ။ အသင်းနောက်တန်းကို ဦးဆောင်ကစားနေတာဖြစ်ပြီး မြန်မာအသင်းအတွက် အရေးပါတဲ့ ကစားသမားတွေထဲက တစ်ဦးလည်း ဖြစ်တယ်ဆိုတာ အားလုံးသိပြီးသားပါ။ မနက်ဖြန်မှာ မြန်မာက ဗီယက်နမ်နဲ့ ရန်ကုန်မှာ ကစားရမှာဖြစ်ပြီး အနိုင်ရဖို့အတွက် ကြိုးစားရမှာလည်း ဖြစ်ပါတယ်။

Photo : affsuzukicup

 

"ကျွန်တော့်အသက် (၁၃)နှစ်ပြည့့်ပြီးတဲ့နောက်မှာမှ ကျွန်တော် ဘောလုံးကွင်းကို စမြင်ဖူးခဲ့ပြီးတော့ ဘောလုံးပွဲဆိုတာကိုလည်း ပထမဆုံးအကြိမ် ကြည့်ဖူးခဲ့တာပါ၊ အဲဒီနောက်မှာ ကျွန်တော်လည်း ဘောလုံးသမားဖြစ်ရမယ်လို့ ဆုံးဖြတ်ခဲ့ပြီးတော့ ဘောလုံးပွဲတွေကို တီဗီကနေ ကြည့်ခဲ့တော့တာပဲ" လို့ သူက ထပ်ပြောပါတယ်။ ဇော်မင်းထွန်းရဲ့ ဘောလုံးသမားဖြစ်ဖို့ အိပ်မက်က အသက် (၁၃)နှစ်မှာ စပြီး ဖြစ်တည်လာတာလို့ ပြောရမှာပါပဲ။ ဘောလုံးပွဲတစ်ပွဲကို စကြည့်ခဲ့ဖူးပြီးနောက်မှာ ဇော်မင်းထွန်းရဲ့ ရည်ရွယ်ချက်က ဘောလုံးသမားဘဝကို ဖြစ်လာစေဖို့ ဦးတည်ခဲ့တာပါ။

Photo : MFF

 

"ကျွန်တော် ဘောလုံးကွင်းတွေထဲလည်း သွားကြည့်တယ်၊ ပြီးတော့ နိုင်ငံအသင်းလက်ရွေးစင်လည်း ဖြစ်ချင်ခဲ့တယ်" လို့ ဇော်မင်းထွန်းက သူ့ရည်ရွယ်ချက်ကို ထပ်ပြောခဲ့ပါတယ်။ ၂၀၁၁ ခုနှစ်မှာတော့ ဇော်မင်းထွန်းဟာ လက်ရွေးစင်အသင်းကြီးအတွက် စတင်ပြီး ကစားခွင့်

ရရှိခဲ့ပါတယ်။ အဲဒီမတိုင်ခင်ကတော့ မြန်မာလူငယ်အသင်းမှာသာ ကစားခွင့်ရသေးတာဖြစ်ပြီး လက်ရွေးစင်အသင်းသားဖြစ်ဖို့အတွက် သူ အချိန်အတော်ကြာ စောင့်ဆိုင်းခဲ့ရပါတယ်။ အဲဒီအကြေင်းကိုလည်း သူက အခုလိုပြောခဲ့ပါတယ်။

"၂၀၁၁ မှာ အသင်းကြီးအတွက် ကစားပေးဖို့ ရွေးချယ်ခံခဲ့ရတယ်၊ အဲဒီမတိုင်ခင်မှာတော့ လူငယ်အသင်းတွေမှာ ကစားခဲ့ရတာပေါ့၊ ကျွန်တော့်ကို လက်ရွေးစင်အသင်းကြီးက ရွေးချယ်တယ်လည်းဆိုရော ကျွန်တော် အရမ်းပျော်ခဲ့ရပါတယ်၊ ကျွန်တော့်ရဲ့ အိပ်မက်တွေ အမှန်တကယ် ဖြစ်လာခဲ့လို့လေ" လို့ ဇော်မင်းထွန်းက ပြောခဲ့ပါသေးတယ်။ ဇော်မင်းထွန်းက သူ့ရဲ့ လေးစားအားကျရတဲ့ ကစားသမားကိုလည်း အခုလို ပြောခဲ့ပါသေးတယ်။

Photo : MFF

 

"ဂျွန်တယ်ရီပေါ့၊ ဘာလို့လဲဆိုတော့ သူနဲ့ ကျွန်တော် ကစားတဲ့ နေရာချင်းက တူလို့လေ" လို့ ဇော်မင်းထွန်းက အင်္ဂလန် နဲ့ ချယ်လ်ဆီးအသင်းခေါင်းဆောင်ဟောင်း တယ်ရီကို သူ့ရဲ့ လေးစားအားကျရတဲ့ ကစားသမားဖြစ်တယ်လို့ ပြောခဲ့ပါတယ်။ ဒါ့အပြင် ဇော်မင်းထွန်းက မြန်မာ့ လက်ရွေးစင်အသင်းမှာ လက်ထောက်နည်းပြအဖြစ် တာဝန်ယူနေတဲ့ မြန်မာ့လက်ရွေးစင်ကစားသမားဟောင်း စိုးမြတ်မင်းကိုလည်း ချီးကျူးခဲ့ပါသေးတယ်။

"ပြည်တွင်းကစားသမားဆိုရင်တော့ အခု လက်ထောက်နည်းပြအဖြစ် တာဝန်ယူနေတဲ့ (ဦး)စိုးမြတ်မင်းပေါ့၊ သူက အရမ်းအံ့သြစရာကောင်းတဲ့ ကစားသမားဖြစ်ပါတယ်၊ မတူညီတဲ့ နေရာ (၃)နေရာလောက်ကို ကစားနိုင်တယ်လေ၊ ခံစစ်ရယ်၊ ကွင်းလယ်ရယ်၊ တိုက်စစ်မှူးရယ်

ပေါ့" လို့ ဇော်မင်းထွန်းက သူ့ရဲ့ သင်ဆရာ၊ မြင်ဆရာ၊ ကြားဆရာအပေါ်လည်း ချီးကျူးခဲ့ပါတယ်။

အသက် (၁၃)နှစ်အရွယ်ထိ ဘောလုံးကွင်းကို မမြင်ခဲ့ဖူးတဲ့ ကစားသမားတစ်ယောက်ဟာ မနက်ဖြန်မှာတော့ မြန်မာနိုင်ငံက နိုင်ငံအသင်းပရိသတ် သန်းပေါင်းများစွာရဲ့ ဆန္ဒကို ဖြည့်ဆည်းပေးဖို့အတွက် မြက်ခင်းစိမ်းတွေပေါ်မှာ ကြိုးစားကစားပေးရတော့မှာ ဖြစ်ပါတယ်။ ဘောလုံး ကွင်း နဲ့ ဘောလုံးပွဲကို စမြင်ဖူးပြီးကတည်းက ဘောလုံးသမား၊ နိုင်ငံအသင်းလက်ရွေးစင် ဖြစ်ချင်ခဲ့တဲ့ သူ့ရဲ့ ဆန္ဒတွေ ပြည့်ဝခဲ့ပြီးချိန်မှာ သူ နဲ့ မြန်မာအသင်းကို အားပေးနေတဲ့ ပရိသတ်တွေရဲ့ ဆန္ဒကို ဖြည့်ဆည်းပေးနိုင်မားဆိုတာကိုတော့....။


ဆက်စပ်အကြောင်းအရာများ

Share

Loading Next Article...
က္က