Xiaomi ဟာ ၂၀၁၅ ခုနှစ်က ဖုန်းအရောင်း သွက်လွန်းလို့ဂင်းနစ် ကမ္ဘာ့စံချိန်တင်ခဲ့ဖူးပါတယ်။ အခုတစ်ကြိမ်မှာလည်း ဒုတိယအကြိမ် ဂင်းနစ်စံချိန်သစ် ထပ်ရသွားတာပါ။
Xiaomi ဟာ အောက်တိုဘာ ၂၈ ရက်နေ က အိန္ဒိယရဲ့ ပြည်နယ် ၁၄ ခုမှာ တစ်ချိန်တည်းနဲ့Mi Stores ပေါင်း ၅၀၀ ကို ဖွင့်လှစ်ခဲ့တာကြောင့် ဒီစံချိန်ရရှိတာ ဖြစ်ပါတယ်။ ကုမ္ပဏီအနေနဲ့လာမယ့် ၂၀၁၉ နှစ်ကုန်ပိုင်း အိန္ဒိယမှာ Mi Store ၅၀၀၀ အထိ ရှိလာဖို့ရည်မှန်းထားတာ ဖြစ်ပြီး ၂၀၁၇ မေလလယ်က ဘန်ဂလူရူမှာ ပထမဆုံး Mi Store ကို ဖွင့်လှစ်ခဲ့တာပါ။
Xiaomi ရဲ့ ပထမဆုံး ဂင်းနစ်စံချိန်ကလည်း Mi.com အွန်လိုင်းစတိုးကနေ စတင်ခဲ့တာ ဖြစ်ပါတယ်။ ကုမ္ပဏီတည်ထောင်ပြီး ၅ နှစ်ပြည့်မှာ Mi.com တစ်နေရာတည်းကနေ ၂၄ နာရီအတွင်း ဖုန်းပေါင်း ၂၁၁၂၀၁၀ အထိ ရောင်းချပြီး စံချိန်တင်ခဲ့တာပါ။ ထိုစဉ်က ဂင်းနစ် မှတ်တမ်းမှာ ဖောက်သည်ပေါင်း ၁၄.၆ သန်းကနေ Xiaomi ရဲ့ Mi.com ဝက်ဘ်ဆိုက်ပေါ်က ရှိသမျှ ပစ္စည်းအကုန် ဝယ်သွားခဲ့တာလို့ဖော်ပြခဲ့ပါတယ်။
အိန္ဒိယရဲ့ နံပါတ်တစ် ထိပ်တန်း brand ဖြစ်လာစေဖို့Xiaomi ဟာ ဒေါ်လာ သန်း ၅၀၀ ရင်းနှီးမြှပ်နှံသွားမယ်လို့လည်း ကြေငြာထားပါတယ်။ Mi Store ဆိုင်ပေါင်း ၅၀၀၀ ဖွင့်လှစ်ခြင်းဟာ အိန္ဒိယမှာ လူပေါင်း ၁၅၀၀၀ ကို အလုပ်အကိုင်ရှာပေးရာလည်း ရောက်မယ်လို့ဆိုပါတယ်။
Xiaomi ဟာ တရုတ်နိုင်ငံမှာ Mi Home စတိုးကို ပထမဆုံးဖွင့်လှစ်ခဲ့ပြီး နောက်ပိုင်း စင်္ကာပူ ၊ ဟောင်ကောင် ၊ ထိုင်ဝမ်နဲ့ယခု အိန္ဒိယဈေးကွက်များမှာ ဖွင့်လှစ်နိုင်ခဲ့တာပါ။
Xiaomi ဟာ အိန္ဒိယစမတ်ဖုန်းဈေးကွက်မှာ လူကြိုက်အများဆုံး အမှတ်တံဆိပ်ဖြစ်နေပြီး ၁၅ လဆက်တိုက် နံပါတ်တစ် ဖုန်း brand အဖြစ် ရပ်တည်နေပါတယ်။ IDC ရဲ့ ၂၀၁၈ တတိယသုံးလပတ်အစီရင်ခံစာအရ Xiaomi ဟာ စမတ်ဖုန်းအလုံးရေ ၁၁.၇ သန်းကို အိန္ဒိယမှာ ရောင်းချနိုင်ခဲ့ပြီး ဈေးကွက်ဝေစုရဲ့ ၂၇.၃% ရခဲ့တယ်လို့ဆိုပါတယ်။ သူ့နောက်မှာတော့ Samsung ၊ Vivo ၊ MicroMax နဲ့OPPO တို့က လိုက်ပါနေပါတယ်။
Photo: GSMArena
ဈေးကွက်အနေနဲ့Xiaomi ဟာ စပိန် ၊ အီတလီနဲ့ပြင်သစ် စတဲ့ ဥရောပဈေးကွက်တွေကို ရောက်ရှိနေပြီး ယူကေမှာလည်း စတိုးဆိုင်တစ်ခု ပထမဆုံးအကြိမ် ဖွင့်လှစ်ထားပါတယ်။