သွန်ခမ်က ဆယ်လ်ဖီရိုက်ပြီဆို ကျွန်တော့်ဟန်ပန်အတိုင်း လိုက်လုပ်တာဗျ

ထိုင်းနိုင်ငံမှာ ကျွဲကျောင်းသားတစ်ယောက်နဲ့ ကျွဲတစ်ကောင်တို့ရဲ့ သူငယ်ချင်းသံယောဇဉ်အကြောင်းက အွန်လိုင်းအသုံးပြုသူတွေကြား ရေပန်းစားခဲ့ပါတယ်။ သွန်ခမ်လို့ခေါ်တဲ့ ကျွဲကို ပထမဆုံးအကြိမ် ထိန်းကျောင်းခဲ့ရစဉ်က အခုလို ကျွဲနဲ့သူငယ်ချင်းတွေ ဖြစ်လာမယ်ဆိုတာ ကျွဲကျောင်းသားဆူရတ်တစ်ယောက် မည်သည့်အခါကမျှ မမျှော်လင့်ခဲ့ပါဘူး။





ထိုင်းနိုင်ငံ Chai Nat ဒေသမှာနေထိုင်တဲ့ အသက် ၃၄ နှစ်အရွယ် လယ်သမားဆူရတ်ကို လွန်ခဲ့တဲ့ နှစ်လမှာ ကျွဲပိုင်ရှင်က ကျွဲကျောင်းသားအဖြစ် အခကြေးငွေပေး ငှားရမ်းခဲ့တာဖြစ်ပါတယ်။ ဒါပေမဲ့ ဆူရတ်နဲ့ကျွဲတို့ဟာ တဖြည်းဖြည်း ခင်မင်ရင်းနှီးလာခဲ့ကြပြီး သူငယ်ချင်းတွေ ဖြစ်ခဲ့ကြပါတယ်။

"သွန်ခမ်က သိပ်လိမ္မာတယ်၊ သူ့ကျောပေါ်မှာ ကျွန်တော့်ကိုတင်ပြီး လယ်ကွင်းထဲလှည့်လည်သွားရတာကို သူက ကြိုက်တယ်ဗျ" လို့ ဆူရတ်က BBC Thai သတင်းဌာနကို ပြောပါတယ်။

ဆူရတ်က သူ့ရဲ့ကျွဲ သွန်ခမ်နဲ့အတူ ရိုက်ထားတဲ့ ဆယ်လ်ဖီဓာတ်ပုံအချို့ကို Facebook မှာတင်ခဲ့ရာမှ သူ့ရဲ့ဓာတ်ပုံတွေ အလျင်အမြန် ပျံ့နှံ့သွားခဲ့ပြီး ဆူရတ်နဲ့သွန်ခမ်တို့ဟာလည်း ထိုင်းမှာ အင်တာနက်အသုံးပြုတွေကြား ထင်ရှားကျော်ကြားလာခဲ့ကြပါတယ်။ ဆယ်လ်ဖီဓာတ်ပုံအနည်းငယ် ရိုက်ပြီးချိန်မှာ သွန်ခမ်က သူ့ရဲ့ပုံစံအတိုင်း အတုခိုးပြီးလိုက်လုပ်တာကို သတိပြုခဲ့တယ်လို့ ဆူရတ်ကဆိုပါတယ်။



"သွန်ခမ်က ဆယ်လ်ဖီရိုက်ပြီဆို ကျွန်တော့်ဟန်ပန်အတိုင်း လိုက်လုပ်တာဗျ၊ သူက ဖုန်းကိုတည့်တည့်ကြည့်တယ်၊ ကျွန်တော့်အနားကို ကပ်လာတယ်၊ သူက ပြုံးတောင်ပြုံးသလို လုပ်နေခဲ့သေးတယ်ဗျ" လို့ ဆူရတ်က ပြောပါတယ်။

ဆူရတ်က ကျွဲနဲ့အတူ ရိုက်ထားတဲ့ ဆယ်လ်ဖီပုံတွေကို သူငယ်ချင်းတွေအတွက် ရယ်စရာအဖြစ်သာ ရည်ရွယ်ပြီး Facebook မှာ တင်ခဲ့တာဖြစ်ပါတယ်။ ဆူရတ်ရဲ့ သူငယ်ချင်းတွေက ထိုပုံတွေကို သူတို့ရဲ့ Facebook မှာ ပြန်လည်မျှဝေခဲ့ကြတယ်လို့ ဆိုပါတယ်။

အချိန်ခဏအတွင်းမှာပဲ ကျွဲနဲ့အတူ ဆယ်လ်ဖီရိုက်ထားတဲ့ ဆူရတ်ရဲ့ဓာတ်ပုံပို့စ်ကို ပြန်လည်မျှဝေမှု အကြိမ်ရေ ၃၂,၀၀၀ အထိ ရှိလာခဲ့ပြီး နောက်ထပ် ဓာတ်ပုံတွေရိုက်ဖို့လည်း တောင်းဆိုမှုတွေ ရှိခဲ့ပါတယ်။



 "လူတွေက ကျွန်တော်နဲ့သွန်ခမ်တို့ ဆယ်လ်ဖီဓာတ်ပုံတွေ ထပ်ရိုက်ဖို့ တောင်းဆိုခဲ့ကြတယ်၊ တချို့က ကျွန်တော်တို့ပုံတွေကို ကြည့်ရတာက သူတို့ရဲ့ နေ့စဉ်ဘဝ အခက်အခဲတွေကိုမေ့ပြီး စိတ်ပျော်ရွှင်ရတယ်လို့ ပြောထားတယ်ဗျ" လို့ ဆူရတ်ကဆိုပါတယ်။

သို့သော် ထိုင်းအင်တာနက်သုံးသူတွေကြား ထင်ရှားကျော်ကြားပြီး စိတ်ပျော်ရွှင်စေခဲ့တဲ့ ဆူရတ်နဲ့သွန်ခမ်တို့အတွက် အလှည့်အပြောင်းတစ်ခုက ဖြစ်လာခဲ့ပြီး သူတို့တွေ ခွဲခွာမယ့်အရေး ကြုံလာခဲ့ရပါတယ်။ ဆူရတ်ကို ငှားရမ်းခဲ့တဲ့ ကျွဲပိုင်ရှင်က သူ့ရဲ့ကျွဲ သွန်ခမ်ကို အခြာတစ်ဦးထံ ရောင်းချသွားရန် စီစဉ်လာခဲ့တာ ဖြစ်ပါတယ်။



"ကျွန်တော် တစ်ကယ့်ကို စိတ်မကောင်းဖြစ်ခဲ့ရတယ်၊ ကျွန်တော့်မှာ သူ့ကိုဝယ်ထားဖို့က ငွေအလုံအလောက်မရှိဘူးလေ" လို့ ဆူရတ်က ပြောပါတယ်။ ဆူရတ်က သူ့ရဲ့အခက်အခဲကို Facebook ပရိသတ်တွေကိုလည်း ရှင်းပြခဲ့ပါတယ်။ သွန်ခမ်ကို ဝယ်ယူရန်အတွက် ထိုင်းဘတ်ငွေ ၁၀၀,၀၀၀ လိုအပ်တယ်လို့ ဆူရတ်က သူတို့ရဲ့ Facebook ပရိသတ်တွေကို ရှင်းပြခဲ့ပါတယ်။

"တချို့က သူတို့ ငွေလှူချင်တယ်လို့ ပြောကြပါတယ်၊ ဒါနဲ့ပဲ အလှူငွေတွေ ထည့်ဝင်ကြဖို့ ကျွန်တော် တောင်းခံမယ်လို့ ဆုံးဖြတ်ခဲ့ပါတယ်" လို့ ဆူရတ်ကပြောပါတယ်။ ဆူရတ်က အလှူငွေကောက်ခံခဲ့ရာ နှစ်ရက်အတွင်းမှာပင် စုစုပေါင်း ထိုင်းဘတ်ငွေ ၁၃၅,၉၆၉ ရရှိခဲ့ပြီးနေက် အလှူငွေကောက်ခံမှုကို ရပ်ဆိုင်းခဲ့ပါတယ်။



ဆူရတ်က လက်ခံရရှိထားတဲ့ အလှူငွေတွေအနက် သွန်ခမ်ကိုဝယ်ယူပြီးပါက ပိုနေမယ့်ငွေတွေကို မည်သို့လုပ်ဆောင်သင့်ကြောင်းကိုလည်း Facebook ပရိသတ်တွေထံ မေးမြန်းထားပါတယ်။

ဆူရတ်ရဲ့ ပြောကြားမှုအရ သူဟာ နိုဝင်ဘာ ၂၂ ရက်မှာ သွန်ခမ်ရဲ့ ပိုင်ရှင်ဖြစ်လာပြီလို့ သိရပါတယ်။ သွန်ခမ်ကိုဝယ်ယူပြီး လွှဲပြောင်းရယူရာမှာ ဒေသခံတာဝန်ရှိသူေိလည်း ဖိတ်ခေါ်ခဲ့ပြီး အခမ်းအနားဖြင့် တရားဝင်လုပ်ဆောင်ခဲ့ကြောင်းနဲ့ သူ့အနေနဲ့ အလှူရှင်တွေအတွက် ပွင့်လင်းမြင်သာစွာဖြင့် တာဝန်ယူမှုရှိလိုကြောင်း ဆူရတ်ကဖွင့်ဟခဲ့ပါတယ်။



"ကျွန်တော် အားလုံးကိုကျေးဇူးတင်ပါတယ်၊ သွန်ခမ်ကို သူ့ဘဝသက်တမ်းတစ်လျှောက် ပျော်ရွှင်အောင်ထားပြီး ဓာတ်ပုံတွေလည်း ပုံမှန်တင်ပ့ါမယ်၊ သွန်ခမ့်ဆီ အလည်လာချင်သူ အားလုံးကိုလည်း ဖိတ်ခေါ်ကြိုဆိုပါတယ်" လို့ သူကပြောပါတယ်။

ကျွန်တော့်ဘဝမှာ လယ်တစ်ကွက်၊ အိမ်တစ်လုံးနဲ့ ကျွဲတစ်ကောင် ပိုင်ဆိုင်တယ်ဆိုတဲ့ အိပ်မက်မက်လေ့ရှိပါတယ်၊ ကျွန်တော် လယ်ထဲသွားတဲ့အခါ စီးသွားနိုင်တဲ့ ကျွဲတစ်ကောင်ပေါ့ဗျာ၊ အခု သွန်ခမ်နဲ့အတူ ကျွန်တော့် နောက်ဆုံးအိပ်မက် အမှန်ဖြစ်လာခဲ့ပါပြီ" လို့ ဆူရတ်က သူ့ခံစားချက်ကို ဖွင့်ဟပြောခဲ့ပါတယ်။

 


ဆက်စပ်အကြောင်းအရာများ

Share

Loading Next Article...
က္က