ချယ်လ်ဆီးအသင်းရဲ့ အားထားရတဲ့ ကွင်းလယ်ကစားသမား အန်ဂိုလိုကန်တေဟာ အသင်းနဲ့အတူ ငါးနှစ်သက်တမ်းရှိ စာချုပ်သစ်ကို ချုပ်ဆိုသွားခဲ့ပြီ ဖြစ်ပါတယ်။ ချယ်လ်ဆီးအသင်းရဲ့ တရားဝင်ဝက်ဘ်ဆိုက်မှာ ဖော်ပြခဲ့တာဖြစ်ပြီး ချယ်လ်ဆီးအသင်းမှာ (၂၀၂၃)ခုနှစ်အထိ ကန်တေက ဆက်ရှိနေတော့မှာ ဖြစ်ပါတယ်။
"ချယ်လ်ဆီးနဲ့ သက်တမ်းတိုးနိုင်ခဲ့လို့ ပျော်ရွှင်မိပါတယ်၊ ကျေနပ်စရာ အချိန် (၂)နှစ်ကို ပိုင်ဆိုင်ခဲ့ပြီး ဒီအသင်းကို ရောက်လာပြီးကတည်းက ပိုမိုတိုးတက်တဲ့ ကစားသမားတစ်ယောက်အဖြစ် ကျွန်တော် ရပ်တည်နိုင်ခဲ့ပါတယ်၊ လန်ဒန်မြို့ကို ကျွန်တော် နှစ်သက်မိသလို ချယ်လ်ဆီးကိုလည်း ကျွန်တော်တကယ် သဘောကျမိပါတယ်၊ ဒီမှာ အချိန်အကြာကြီး ရှိနေတော့မှာမို့ ပျော်ရွှင်မိပါတယ်" လို့ ကန်တေက ပြောခဲ့ပါတယ်။
၂၀၁၆ ခုနှစ်မှာ လက်စတာစီးတီးအသင်းနဲ့အတူ ပရီးမီးယားလိဂ်ဖလားကို ဆွတ်ခူးနိုင်ခဲ့တဲ့ ကန်တေဟာ နောက်တစ်နှစ်မှာပဲ ချယ်လ်ဆီးကို ပြောင်းရွှေ့လာခဲ့တာ ဖြစ်ပါတယ်။ လက်စတာစီးတီးနဲ့အတူ ခြေစွမ်းပြနိုင်ခဲ့သလို ချယ်လ်ဆီးမှာလည်း ခြေစွမ်းထပ်မံပြသနိုင်ခဲ့ပြီး ပရီးမီးယားလိဂ်ရဲ့ တစ်နှစ်တာအကောင်းဆုံး ကစားသမားဆု နဲ့ အားကစားကလောင်ရှင်တွေက ချီးမြှင့်တဲ့ ဆုကို ကန်တေက ပိုင်ဆိုင်ခဲ့ပါတယ်။
ပြီးခဲ့တဲ့ ရာသီကလည်း ချယ်လ်ဆီးအတွက် အက်ဖ်အေဖလားရရှိအောင် စွမ်းဆောင်ပေးခဲ့ပြီး ချယ်လ်ဆီးအသင်းရဲ့ တစ်နှစ်တာ အကောင်းဆုံးကစားသမားဆုကိုလည်း ကန်တေ ရရှိခဲ့ပါတယ်။ အသက် (၂၇)နှစ်အရွယ် ပြင်သစ်ကွင်းလယ်ကစားသမားဟာ ဒီရာသီမှာလည်း ချယ်လ်ဆီးကို ပရီးမီးယားလိဂ်မှာ ရှုံးပွဲမရှိအောင် ကူညီပေးထားပါတယ်။
ချယ်လ်ဆီးအသင်းရဲ့ ဒါရိုက်တာ မာရင်နာကလည်း "ကန်တေကို စာချုပ်သစ်ချုပ်ဆိုနိုင်ခဲ့လို့ ဝမ်းမြောက်မိရပါတယ်၊ အသင်းမှာ သူ့ကို ကာလရှည်မြင်တွေ့ရမှာဖြစ်ပြီး သူအသင်းကို ရောက်လာကတည်းက ထူးခြားတဲ့ ကစားသမားကို စာချုပ်ချုပ်ဆိုနိုင်ခဲ့တယ်လို့ အားလုံးက ယူဆ ခဲ့ပြီးသားပါ၊ နောက်ထပ် (၅)နှစ်အထိ ကန်တေဟာ ချယ်လ်ဆီးကွင်းလယ်ရဲ့ အသည်းနှလုံးအဖြစ် ရှိနေဦးမှာပါ" လို့ ပြောခဲ့ပါတယ်။