မန်ချက်စတာာယူနိုက်တက်အသင်းရဲ့ နည်းပြ မော်ရင်ဟိုက ဒီဇင်ဘာလအကုန်မှာ ယူနိုက်တက်အသင်းဟာ အမှတ်ပေးဇယားရဲ့ အဆင့်(၄)အတွင်းကို ဝင်ရောက်နိုင်ဖို့အတွက် ပစ်မှတ်ထားနေတယ်လို့ ပြောကြားလိုက်ပါတယ်။ လက်ရှိမှာ အမှတ်ပေးဇယားရဲ့ အဆင့်(၈)နေရာမှာ ရပ်တည်နေတဲ့ ယူနိုက်တက်အသင်းဟာ ချန်ပီယံလိဂ်ဝင်ခွင့်နေရာနဲ့ (၇)မှတ်အထိ ကွာဟနေတာ ဖြစ်ပါတယ်။
Photo : Stadium Astro
ESPN သတင်းဌာနရဲ့ ဖော်ပြချက်အရ ဇယားထိပ်ပိုင်းအသင်းတွေနဲ့ အမှတ်ကွာဟမှု ကြီးမားနေပေမယ့်လည်း ၂၀၁၈ ခုနှစ်အကုန်မှာ အဆင့် (၄)အတွင်းကို ယူနိုက်တက်အသင်း ဝင်ရောက်နိုင်မယ်လို့ မော်ရင်ဟိုက ယုံကြည်နေတယ်လို့ သိရပါတယ်။ ယူနိုက်တက်တော့ စနေနေ့ (ယနေ့)မှာ ခရစ္စတယ်ပဲလေ့အသင်းနဲ့ ပရီးမီးယားလိဂ်ပွဲစဉ်အဖြစ် ကစားရမှာ ဖြစ်ပါတယ်။
"ကြီးမားတဲ့ ကွာဟချက်ဖြစ်နေတယ်ဆိုတာ သိပါတယ်၊ ဒါပေမယ့်လည်း ဒီဇင်ဘာလအကုန်အထိ ကစားရမယ့် ပရီးမီးယားလိဂ်ပွဲ (၈)ပွဲမှာ အမှားအယွင်းမရှိခဲ့ဘူးဆိုရင် ကျွန်တော်တို့ အဆင့် (၄)အတွင်း ဝင်ရောက်နိုင်ပါလိမ့်မယ်၊ (၈)ပွဲအထိ ကစားရမှာဖြစ်တာမို့ ကျွန်တော်တို့ ရမှတ်ပေါင်း (၂၄)မှတ်အကြောင်း ပြောရမှာပါ"
"ရမှတ် (၂၄)မှတ်အတွက် ကျွန်တော်တို့ တိုက်ပွဲဝင်ရမှာဖြစ်သလို အမှတ်ပေးဇယားရဲ့ အဆင့်(၄)အတွင်း ဝင်ရောက်ဖို့လည်း ကြိုးစားရမှာပါ၊ ဒါပေမယ့် ဖြစ်အောင်လုပ်နိုင်မယ်လို့ ကျွန်တော်တို့ ယုံကြည်ပါတယ်" လို့ မော်ရင်ဟိုက ပွဲကြိုသတင်းစာရှင်းလင်းပွဲမှာ ပြောကြားသွားခဲ့ပါတယ်။ ပဲလေ့နဲ့ပွဲမှာတော့ ယူနိုက်တက်အသင်းမှာ မာရှယ် နဲ့ ဖယ်လိုင်နီတို့ ပြန်လည်ပါဝင်နိုင်မယ်လို့လည်း မော်ရင်ဟိုက အတည်ပြုခဲ့ပါတယ်။
Photo : We Ain't Got No History
"မာရှယ်က လက်ရွေးစင်အသင်းကို မသွားပဲ ကျွန်တော်တို့နဲ့ ရှိနေပါတယ်၊ ပဲလေ့နဲ့ပွဲအတွက် သူ အသင့်ဖြစ်နေပြီး ပါဝင်ကစားပါလိမ့်မယ်၊ တစ်ပတ်အတွင်းမှာ ကစားရမယ့် (၃)ပွဲစလုံးကို သူ ကစားနိုင်မလားတော့ ကျွန်တော် မသိဘူး၊ ဒါပေမယ့် လာမယ့်ပွဲတွေက အရမ်းအရေးကြီးတဲ့ ပွဲတွေပါ" လို့ မော်ရင်ဟိုက ပြောကြားခဲ့ပါတယ်။
Photo : Evening Standard
အခြားကစားသမားတွေဖြစ်တဲ့ ဖယ်လိုင်နီကလည်း ဒဏ်ရာကနေ သက်သာလာပြီး မန်စီးတီးနဲ့ပွဲမှ ပါဝင်ကစားနိုင်ခြင်းမရှိခဲ့တဲ့ ပေါ့ဂ်ဘာဟာလည်း ဒဏ်ရာကနေ ကောင်းမွန်လာပြီလို့ မော်ရင်ဟိုက ပြောကြားခဲ့ပြီး အသင်းမှာ ရွေးချယ်စရာ ကစားသမား (၂၃)ဦးအထိ ရှိနေခဲ့တယ်လို့ ထပ်မံပြောကြားသွားခဲ့ပါတယ်။