ဒေါ်လာ ၇၅၀ တန် iPhone XR ကို နောက်အပတ်ထဲ ဂျပန်နိုင်ငံမှာ discount ဈေးနဲ့ဝယ်ယူနိုင်တော့မှာပါ။
Photo: CNBC
အံ့သြစရာကောင်းလောက်အောင် ရောင်းအားကျဆင်းမှုနဲ့ရင်ဆိုင်နေရတဲ့ iPhone XR ဟာ ဒီနှစ်အတွက် ဈေးအနည်းဆုံး iPhone ဖြစ်ပြီး နောက်ကျပြီးမှ ဈေးကွက်ထဲ ဝင်ရောက်လာတာ ဖြစ်ပေမယ့် ထင်သလို အရောင်းမသွက်ခဲ့ပါဘူး။ ဈေးကွက်ခန့်မှန်းကြတဲ့ ပညာရှင်တွေကိုယ်တိုင် iPhone XR ရောင်းအားကို အတွက်အချက် မှားခဲ့ကြပြီးနောက် အခုချိန်မှာ Apple အတွက် ဆုံးဖြတ်ချက်တစ်ခု လုပ်ရမယ့် အချိန်ရောက်လာခဲ့တာပါ။
"ဖြန့်ပြီးပြီးချင်း တစ်လအတွင်း ဖုန်းဈေးနှုန်း ချတာက Apple အတွက်တင် မဟုတ်ဘူး ။ ဘယ်ဖုန်းကုမ္ပဏီမှာမဆို အတော်လေး ရှားပါးတဲ့ အဖြစ်လို့ပြောနိုင်ပါတယ်။ "လို့ဂျပန်နိုင်ငံမှ Apple ရဲ့ ပါတနာကုမ္ပဏီမှ အကြီးတန်းအရာရှိတစ်ဦးက ပြောပါတယ်။
Apple ဟာ လက်ရှိမှာ ထင်သလောက် အရောင်းမဖြစ်တဲ့ iPhone သစ်တွေကြောင့် စက်ရုံတွေကနေ ထုတ်လုပ်မှု အမှာစာပါ လျှော့ချနေတဲ့ အဆင့်ကို ရောက်နေတယ်လို့လည်း ဆိုပါတယ်။ အခုချိန်အထိ iPhone 8 ဟာ ဂျပန်မှာ လူကြိုက်များတဲ့ ဖုန်းမော်ဒယ်အဖြစ် ရှိနေပါတယ်။ ဒါကလည်း iPhone XR ထက် ဈေးပိုသက်သာတာကလည်း အရေးပါတဲ့ အချက်အနေနဲ့ပါဝင်နေပါတယ်။
iPhone XS, XS Max နဲ့iPhone XR ရောင်းမကောင်းခြင်းကပဲ Apple ကို ဆုံးဖြတ်ချက် အသစ်တွေဆီ ဦးလှည့်စေတယ်လို့ဆိုရမှာပါ။ ဒီတစ်ပတ်ထဲမှာပဲ Apple ဟာ ထုတ်လုပ်မှု ရပ်ဆိုင်းကြောင်း ကြေငြာထားတဲ့ iPhone X ကို ပြန်ထုတ်မယ်လို့သတင်းတွေ ထွက်လာပါတယ်။ Apple Store တွေမှာ အသစ် မဝင်တော့တဲ့ iPhone X ဟာ ၂၀၁၇ မော်ဒယ်ဆိုပေမယ့် ဈေးအားဖြင့်တော့ လက်ခံနိုင်စရာ ရှိနေပါတယ်။
Photo: Engadget
မော်ဒယ်ဟောင်းတွေ ပြန်ထုတ်မယ့် ကိစ္စဟာ Apple အတွက် အဆန်းတော့ မဟုတ်ပါဘူး။ Apple ဟာ ဒီနှစ်ထဲမှာပဲ iPhone 6s တွေကို အိန္ဒိယမှာ ပြန်ထုတ်ခဲ့ပါတယ်။ iPhone သစ်များ ရောင်းအားကျရတဲ့ အဓိကအကြောင်းရင်းတစ်ခုကလည်း Huawei ဖုန်းသစ်တွေ လူကြိုက်များလာမှုလည်း ပါတယ်လို့ဈေးကွက်ကျွမ်းကျင်သူများက ဆိုပါတယ်။