အွန်လိုင်းရှော့ပင်းတွေအတွက်တော့ နိုဝင်ဘာလဟာ တကယ့်ပွဲတော်ကြီးပါပဲ။
Photo: wokv
ဒီလထဲမှာပဲ Alibaba နဲ့JD.com တို့လို တရုတ် e-Commerce တွေ ဦးဆောင်ခဲ့တဲ့ 11.11ဈေးပွဲတော်နဲ့အတူ အမေရိကန်မှာလည်း အွန်လိုင်းဈေးပွဲတော်ကြီး ၃ ခု ကျင်းပသွားမှာပါ။ နိုဝင်ဘာ ၂၂ ရက်နေ့က ကျရောက်တဲ့ ကျေးဇူးတော်နေ့ဈေးပွဲတော်ရဲ့ နောက်တစ်ရက်မှာ Black Friday အွန်လိုင်းဈေးပွဲတော်တွေ ကျင်းပခဲ့သလို လာမယ့် နိုဝင်ဘာ ၂၆ မှာလည်း Cyber Monday ပွဲဆိုပြီး လာဦးမှာပါ။
တစ်နှစ်ထက် တစ်နှစ် အွန်လိုင်းမှာ ဈေးဝယ်ယူမှုဟာ အတော့်ကို များပြားတဲ့ ကိန်းဂဏန်းတွေနဲ့မြင့်တက်လာနေပါတယ်။ ဒီနှစ် လက်လီအရောင်းဆိုက်တွေရဲ့ အဝင်အထွက် transaction တွေကို စောင့်ကြည့်တဲ့ Adobe Digital Insights ရဲ့ အဆိုအရ Black Friday နေ့မှာ ဈေးဝယ်သူတွေဟာ ဒေါ်လာ ၆.၂၂ ဘီလျံဖိုး သုံးခဲ့တယ်လို့ဆိုပါတယ်။ ဒါဟာ အရင်နှစ်က မှတ်တမ်းထက်စာရင် ၂၃% ကျော် ပိုများလာတာလည်း ဖြစ်ပါတယ်။
ဒီနှစ် Black Friday ပွဲမှာ စိတ်ဝင်စားစရာ အချက်တစ်ခုက အွန်လိုင်းဈေးဝယ်သူတွေရဲ့ ၃ ပုံတစ်ပုံကျော်ဟာ ဖုန်းတွေကနေ ဝယ်ယူခဲ့တာပါ။ တစ်နည်းအားဖြင့် စမတ်ဖုန်းနဲ့Black Friday မှာ ဝယ်ယူမှုဟာ ဒေါ်လာ ၂.၁ ဘီလျံဖိုး ရှိခဲ့တာ ဖြစ်ပါတယ်။
နောက်ထပ် မှတ်သားစရာ အချက်တစ်ခုကတော့ ၂၀၁၈ Black Friday ဟာ အမေရိကန် e Commerce သမိုင်းမှာ ၂၀၁၇ Cyber Monday ပွဲပြီးရင် ဒုတိယအကြီးဆုံး အွန်လိုင်းဈေးပွဲတော်နေ့ဖြစ်ခဲ့တာပါ။
ပြီးခဲ့တဲ့နှစ် Cyber Monday နေ့မှာ ဒေါ်လာ ၆.၆ ဘီလျံထိ ရှိခဲ့ပြီး ဒီနှစ်မှာတော့ ဒေါ်လာ ၇.၈ ဘီလျံဖိုး ရောင်းအား ရှိလိမ့်မယ်လို့ခန့်မှန်းထားပါတယ်။ သေချာတဲ့ အချက်က US ရဲ့ အွန်လိုင်း ရှော့ပင်းနေ့၃ ရက်ပေါင်းဟာ တရုတ်နိုင်ငံက Singles' Day ကို မမှီသေးပါဘူး။ နိုဝင်ဘာ ၁၁ ရက်နေ့မှာ ကျရောက်ခဲ့တဲ့ Singles' Day နေ့မှာ Alibaba တစ်ခုတည်းရဲ့ ရောင်းအားဟာ ဒေါ်လာ ၃၁ ဘီလျံဖိုးထိ ရှိခဲ့တာပါ။
Photo: fntalk
အွန်လိုင်းဈေးပွဲတော်ရောင်းအား အနေနဲ့ ကျေးဇူးတော်နေ့ရောင်းအားဟာ ဒေါ်လာ ၃.၇ ဘီလျံဖိုး ရှိခဲ့ပြီး အရင်နှစ်ကထက် ၂၈% ကျော် ဖိုး ပိုများခဲ့တာ ဖြစ်ပါတယ်။ Cyber Monday နေ့မှာတော့ အရင်နှစ်ကထက် ၁၈% ပိုရောင်းရဖို့လည်း ရှိနေပါတယ်။