ရုရှားက ကုလသမဂ္ဂ လုံခြုံရေးကောင်စီ အရေးပေါ်အစည်းအဝေး ပြုလုပ်ရန်ပန်ကြားခဲ့ပါတယ်။

ရုရှားက ခရိုင်မီးယားကျွန်းဆွယ် ကမ်းလွန်ပင်လယ်ပြင်မှာ ယူကရိန်းရေတပ် သင်္ဘောသုံးစီးကို ပစ်ခတ်ဖမ်းဆီးခဲ့ရာ နှစ်နိုင်ငံကြား တင်းမာမှုတွေ မြင့်တက်နေကြောင်း သိရပါတယ်။ ရုရှားတပ်ဖွဲ့က ယူကရိန်းရေတပ်မှ တိုက်ရေယာဉ်နှစ်စီးနဲ့ ဆွဲသင်္ဘောတစ်စီးတို့ကို ဖမ်းဆီးခဲ့ပြီး ယူကရိန်းရေတပ်သားများ ဒဏ်ရာရခဲ့တယ်လို့ ဆိုပါတယ်



ရုရှားက ပစ်ခတ်မှု ထိမှန်ခဲ့သည့် ယူကရိန်းရေတပ်သင်္ဘောတစ်စီး



ယခုဖြစ်ရပ်အတွက် ရုရှားနဲ့ယူကရိန်းတို့က အပြန်အလှန် အပြစ်တင်နေကြပါတယ်။ ရေတပ်သင်္ဘောများကို ရုရှားက ဖမ်းဆီးခဲ့မှုနဲ့ဆက်စပ်ပြီး ယူကရိန်းလွှတ်တော်အမတ်တွေက နိုင်ငံမှာ စစ်အုပ်ချုပ်ရေးပြဌာန်းရန် ယနေ့ (နိုဝင်ဘာ ၂၆ ရက်) မဲခွဲဆုံးဖြတ်ကြမယ်လို့လည်း သိရပါတယ်။

ယူကရိန်းစစ်သင်္ဘောတွေက ၎င်းတို့ရေပိုင်နက်အတွင်း ကျူးကျော်ဝင်ရောက်ခဲ့ကြောင်း ရုရှားက စွပ်စွဲခဲ့ရာမှာ ယခုဖြစ်ရပ် စတင်ခဲ့ပါတယ်။ နှစ်နိုင်ငံကြား Azov ပင်လယ်ဝင်ပေါက်ဖြစ်တဲ့ Kerch ရေလက်ကြားရှိ တံတားအောက်မှာ ရုရှားက ရေနံတင်သင်္ဘောတစ်စီးဖြင့် ရပ်နားပိတ်ဆို့ထားပါတယ်။

ရုရှားက ရေနံတင်သင်္ဘောဖြင့် ပိတ်ဆို့ထားမှု



ယခုဖြစ်ရပ်နဲ့ပတ်သက်ပြီး ယူကရိန်း နိုင်ငံတော်လုံခြုံရေးနဲ့ ကာကွယ်ရေးကောင်စီ အစည်းအဝေးတစ်ရပ် ပြုလုပ်ခဲ့မှုအတွင်း သမ္မတပက်ထရို ပိုရိုရှင်ကိုက ရုရှားရဲ့လုပ်ရပ်တွေဟာ အကြောင်းမဲ့သက်သက်နဲ့ ရူးမိုက်မှုဖြစ်တယ်လို့ ပြောခဲ့ပါတယ်။ ရုရှားနိုင်ငံက ယူကရိန်းစစ်သင်္ဘောများ ကိစ္စနဲ့ပတ်သက်ပြီး  ကုလသမဂ္ဂ လုံခြုံရေးကောင်စီ အရေးပေါ်အစည်းအဝေး ပြုလုပ်ရန်ပန်ကြားခဲ့ပါတယ်။

ကုလသမဂ္ဂဆိုင်ရာ အမေရိကန်သံအမတ် နစ်ကီဟာလေးက လုံခြုံရေးကောင်စီ အစည်းအဝေးကို ယနေ့ ပြုလုပ်သွားမယ်လို့ ပြောထားပါတယ်။ ရုရှားက ယူကရိန်းထံမှ ၂၀၁၄ ခုနှစ်မှာ သိမ်းယူခဲ့တဲ့ ခရိုင်မီးယားကမ်းလွန် ပင်လယ်နက်နဲ့ Azov ပင်လယ်တို့မှာ လတ်တလော ကာလအတွင်း နှစ်နိုင်ငံကြား တင်မားမှုတွေ မြင့်တက်နေခဲ့တာလည်း ဖြစ်ပါတယ်။

ခရိုင်မီးယားကမ်းလွန် ပင်လယ်ပြင်မှာ တွေ့ရသည့် ယူကရိန်းသင်္ဘောများ



တနင်္ဂနွေနေ့ (နိုဝင်ဘာ ၂၅ ရက်) မနက်ပိုင်းမှာ ယူကရိန်းရေတပ်မှ Berdyansk နဲ့ Nikopol တိုက်ရေယာဉ်နှစ်စီးနဲ့ Yana Kapa ဆွဲသင်္ဘောတို့က ပင်လယ်နက်ဆိပ်ကမ်း Odessa မှ Azov ပင်လယ်ပြင်ရှိ Mariupol သို့ ခုတ်မောင်းရန်ကြိုးပမ်းခဲ့တယ်လို့ ဆိုပါတယ်။ အဆိုပါ သင်္ဘောတွေကို ရုရှားက ကြားဖြတ်ဟန့်တားခဲ့ပြီး ဆွဲသင်္ဘောကို ဝင်တိုက်ခဲ့တယ်လို့ ယူကရိန်းက ပြောပါတယ်။

 ထို့နောက် ယူကရိန်းသင်္ဘောတွေက Kerch ရေလက်ကြားကို ဆက်လက် ဦးတည်ခုတ်မောင်းသွားခဲ့ပေမဲ့ အဆိုပါရေလက်ကြားရှိ တံတားအောက်မှာ ရုရှား ရေနံတင်သင်္ဘောဖြင့် ပိတ်ဆို့ထားခဲ့တယ်လို့ ဆိုပါတယ်။ ရုရှားက Kerch ရေလက်ကြားသို့ တိုက်လေယာဉ်နှစ်စီးနဲ့ စစ်ဘက်ရဟတ်ယာဉ်နှစ်စီးကို စေလွှတ်ခဲ့ကြောင်း သိရပါတယ်။

ရုရှားက ယူကရိန်းသင်္ဘောသုံးစီးကို ဖမ်းဆီးခဲ့သည့် နေရာပြမြေပုံ



ယူကရိန်းသင်္ဘောတွေက မိမိတို့ရေပိုင်နက်ကို တရားမဝင် ကျူးကျော်ဝင်ရောက်လာခဲ့ကြောင်း ရုရှားက စွပ်စွဲခဲ့ပြီး ထိုသင်္ဘောများ ခုတ်မောင်းလာတဲ့ ရေလမ်းကြောင်းဟာ လုံခြုံရေးအရ ပိတ်ပင်ထားခဲ့တယ်လို့ ပြောပါတယ်။ ထိုနေရာမှ ပြန်လည်ထွက်ခွာရန် ကြိုးပမ်းခဲ့ပေမဲ့ ရုရှားက ပစ်ခတ်ခဲ့မှုကြောင့် သင်္ဘောတွေကို ခုတ်မောင်းနိုင်ခြင်း မရှိတော့ကြောင်း ယူကရိန်းရေတပ်က ဆိုပါတယ်။

ရုရှားက ပစ်ခတ်မှုကြောင့် ရေတပ်သားခြောက်ဦး ဒဏ်ရာရခဲ့ကြောင်းလည်း ယူကရိန်းရေတပ်က ပြောခဲ့ပါတယ်။ ရုရှားလုံခြုံရေးတပ်ဖွဲ့ကတော့ ၎င်းတို့ရဲ့ ကင်းလှည့်စစ်ရေယာဉ်တစ်စီးက ယူကရိန်းသင်္ဘောသုံးစီးကို အင်အားသုံးဖမ်းဆီးခဲ့ကြောင်းနဲ့ ရေတပ်သားသုံးဦးသာ ဒဏ်ရာရခဲ့ကြောင်း အတည်ပြုထားတယ်လို့ BBC သတင်းမှာ ဖော်ပြပါတယ်။

ယူကရိန်းသမ္မတ ပိုရိုရှင်ကိုနဲ့ ရုရှားသမ္မတပူတင်



ယူကရိန်းက ၎င်းရဲ့သင်္ဘောတွေကို Mariupol မြို့သို့ ရွှေ့ပြောင်းသွားမယ့် အစီအစဉ်နဲ့ပတ်သက်ပြီး အကြောင်းကြားထားတယ်လို့ ပြောခဲ့ပါတယ်။ ရုရှားနဲ့ယူကရိန်းတို့ဟာ ခရိုင်မီးယားအရေးနဲ့ ပတ်သက်ပြီး ယခင်ကတည်းက တင်းမာမှုတွေရှိနေခဲ့ကြောင်း သိရပါတယ်။


ဆက်စပ်အကြောင်းအရာများ

Share

Loading Next Article...
က္က