မန်ချက်စတာယူနိုက်တက်အသင်းရဲ့ တိုက်စစ်မှူး ရိုမီလူလူကာကူဟာ အိုးထရက်ဖို့ဒ်ကွင်းမှာ ဂိုးမသွင်းနိုင်ခဲ့တာ (၈)လ ကြာမြင့်ခဲ့ပြီ ဖြစ်ပါတယ်။ ပြီးခဲ့တဲ့ ခရစ္စတယ်ပဲလေ့အသင်းနဲ့ ပွဲစဉ်မှာလည်း လူကာကူဟာ ပထမပိုင်းတစ်ပိုင်းလုံး ပြိုင်ဘက်ဂိုးဧရိယာအတွင်းမှာ ဘောလုံးထိချက် (၃)ကြိမ်သာ ရှိခဲ့တယ်လို့ မှတ်တမ်းတွေကတဆင့် သိရှိခဲ့ရပါတယ်။
Photo : Fox Sports Asia
ဒုတိယပိုင်းမှာ လူကာကူက အသင်းအတွက် ဂိုးတစ်ဂိုးသွင်းယူပေးခဲ့ပေမယ့်လည်း လူကျွံနေခဲ့လို့ ဂိုးမရခဲ့ပါဘူး။ ပွဲအပြီးမှာတော့ လူကာကူဟာ အိုးထရက်ဖို့ဒ်ကွင်းမှာ ဂိုးမသွင်းနိုင်ခဲ့တာ (၁၄)နာရီအထိ ကြာမြင့်လာခဲ့ပြီ ဖြစ်ပါတယ်။ မတ်လ (၃၁)ရက်နေ့ နောက်ပိုင်းမှာ ဂိုးမသွင်းနိုင်တော့တာဖြစ်ပြီး ပြီးခဲ့တဲ့ ပွဲစဉ်တချို့မှာလည်း လူကာကူဟာ ပွဲထွက်လူစာရင်းကနေ ချန်လှပ်ခံရမှုတွေ ရှိခဲ့ပါတယ်။ လူကာကူရဲ့ အိမ်ကွင်းသွင်းဂိုးဟာ ပြီးခဲ့တဲ့ ဘောလုံးရာသီက ကစားခဲ့တဲ့ ဆွမ်ဆီးကို (၂-ဝ) နဲ့ အနိုင်ရရှိခဲ့တဲ့ပွဲမှာ တစ်ဂိုးသွင်းခဲ့တာ နောက်ဆုံးဖြစ်ပါတယ်။
Photo : Fox Sports Asia
ဒီရာသီမှာ မန်ချက်စတာယူနိုက်တက်အတွက် ပရီးမီးယားလိဂ်သွင်းဂိုး (၄)ဂိုးသာ လူကာကူက သွင်းယူပေးထားနိုင်ပြီး ဝက်ဖို့ဒ်အသင်းနဲ့ ကစားခဲ့တဲ့ စက်တင်ဘာလအတွင်းက ပရီးမီးယားလိဂ်အဝေးကွင်းပွဲစဉ်မှာ လူကာကူက နောက်ဆုံးအနေနဲ့ ဂိုးသွင်းနိုင်ခဲ့ပြီး အဲဒီနောက်ပိုင်းမှာ အသင်းအတွက် ဂိုးပေါက်ပျောက်နေခဲ့တာ (၁၃)ပွဲအထိ ရှိလာခဲ့ပြီ ဖြစ်ပါတယ်။
ပြီးခဲ့တဲ့ ဘောလုံးရာသီက မန်ချက်စတာယူနိုက်တက်အသင်းအတွက် ပြိုင်ပွဲစုံ (၅၁)ပွဲ ကစားပြီး (၂၇)ဂိုးအထိ သွင်းယူနိုင်ခဲ့တဲ့ လူကာကူဟာ ဒီနှစ်မှာတော့ ပုံမှန်ခြေစွမ်း ပျောက်ဆုံးနေခဲ့တာ ဖြစ်ပါတယ်။ အသင်းရဲ့ တိုက်စစ်ပိုင်းမှာ အသင်းဖော်တွေနဲ့ အချိတ်အဆက် မမိခဲ့သလို ဘောလုံးထိန်းသိမ်းနိုင်မှု နဲ့ အလိမ်အခေါက်တွေမှာလည်း အားနည်းနေခဲ့လို့ အသင်းပရိသတ်တွေကိုယ်တိုင်က ဝေဖန်ခြင်းကိုလည်း ခံနေရပါတယ်။
အဲဗာတန်အသင်းကနေ ပေါင် (၇၅)သန်းနဲ့ ပြောင်းရွှေ့လာခဲ့တဲ့ပြီးနောက် လူကာကူအတွက် အဆိုးဝါးဆုံး အခိုက်အတန့်တွေကို ကြုံတွေ့နေတာလည်း ဖြစ်ပါတယ်။ နည်းပြမော်ရင်ဟိုကတော့ သူ့ရဲ့ ကစားသမားအပေါ် ယုံကြည်မှု အပြည့်အ၀ ရှိနေဆဲဖြစ်ပြီး မကြာခင်မှာ ပုံမှန် ခြေစွမ်းပြန်လည်ပြသနိုင်မယ်လို့ မျှော်လင့်နေပါတယ်။