၂၀၁၆ ခုနှစ်က Uber ဝန်ဆောင်မှုကို သုံးနေတဲ့ လူပေါင်း ၅၇ သန်းရဲ့ ကိုယ်ရေးအချက်အလက်တွေ ပေါက်ကြားမှုအတွက် စီရင်ချက်ချမယ့်နေ့ရောက်လာပြီ ဖြစ်ပါတယ်။
Photo: Citizen TV
ယူကေနဲ့နယ်သာလန်မှ အာဏာပိုင်တွေဟာ သန်းနဲ့ချီတဲ့ နိုင်ငံသားတွေရဲ့ နာမည် ၊ လိပ်စာ နဲ့ဖုန်းနံပါတ်တွေ ပေါက်ကြားမှု ဖြစ်ပွားစေခဲ့တဲ့ Uber ကို နှစ်နိုင်ငံပေါင်း ဒေါ်လာ ၁.၁၇ သန်း ဒဏ်တပ်ခဲ့တာပါ။
ယူကေ သတင်းအချက်အလက် ကော်မရှင်နာရုံး ICO ဟာ ဆိုက်ဘာတိုက်ခိုက်မှုကနေ ဖောက်သည်တွေရဲ့ အချက်အလက်များ ကာကွယ်ဖို့ပျက်ကွက်ခဲ့မှုနဲ့Uber ကားအငှားကုမ္ပဏီကို ပေါင်စတာလင် ၃၈၅၀၀၀ (ဒေါ်လာ ၄၉၁၂၈၄ )နဲ့ဒတ်ချ် အချက်အလက်ကာကွယ်ရေးအာဏာပိုင်များအဖွဲ့မှ ယူရို ၆ သိန်း (ဒေါ်လာ ၆၇၉၂၅၇) ဒဏ်ရိုက်လိုက်တယ်လို့ကြေငြာခဲ့ပါတယ်။
၂၀၁၆ အောက်တိုဘာနဲ့နိုဝင်ဘာလတွေမှာ ဖြစ်ပွားခဲ့တဲ့ ဒီဆိုက်ဘာတိုက်ခိုက်မှုဟာ ယူကေနဲ့နယ်သာလန်တို့မှ Uber သုံးစွဲသူ ၂.၇ သန်းနဲ့၁၇၄၀၀၀ တို့ကို ထိခိုက်နစ်နာစေခဲ့တာပါ။ Uber ဟာ ဒီတိုက်ခိုက်မှုဖြစ်ပွားခဲ့တဲ့ အကြောင်းကို တစ်နှစ်ကျော်ကြာပြီးမှ သတင်းထုတ်ပြန်အသိပေးခဲ့တာပါ။
ကုမ္ပဏီအနေနဲ့လည်း အခိုးခံလိုက်ရတဲ့ အချက်အလက်တွေ ဖျောက်ဖျက်ပစ်ဖို့နဲ့ဒီတိုက်ခိုက်မှုအကြောင်း ထိန်ချန်ထားဖို့ဟက်ကာတွေကို ဒေါ်လာ ၁ သန်း ပေးခဲ့ရပါတယ်။
"ဒါက Uber ဘက်က ဒေတာလုံခြုံရေးမှာ ဆိုးဝါးတဲ့ ပျက်ကွက်မှုတင်မဟုတ်ပါဘူး။အချက်အလက် အခိုးခံလိုက်ရတဲ့ ဖောက်သည်နဲ့ယာဉ်မောင်းတွေကို လုံးလုံးလျားလျား မလေးစားတာလည်း ဖြစ်ပါတယ်။ "လို့ICO ရဲ့ စုံစမ်းရေးဆိုင်ရာ ညွှန်ကြားရေးမှူး စတိဗ်အက်စ်ကာစလီက ဆိုပါတယ်။ Uber အနေနဲ့အချက်အလက်တွေ ပါသွားတဲ့ ဖောက်သည်တွေကို အသိပေးအကြောင်းကြားတာ မလုပ်ခဲ့သလို ဘာပံ့ပိုးမှုမှလည်း မလုပ်ခဲ့ပါဘူး။
နယ်သာလန်အချက်အလက်ရေးရာ ကာကွယ်ရေးအာဏာပိုင်တွေကတော့ Uber ဟာ အချက်အလက်ပေါက်ကြားမှုကို ၇၂ နာရီအတွင်း အသိပေးမှု မလုပ်ခဲ့တာကြောင့် အခုလို ဒဏ်ရိုက်ခဲ့တာလို့ဆိုပါတယ်။ တစ်ခုရှိတာက Uber အချက်အလက် ပေါက်ကြားမှုဟာ ၂၀၁၆ မှာ ဖြစ်ပွားခဲ့တာကြောင့် ပြီးခဲ့တဲ့ မေလက စပြီး အတည်ပြုခဲ့တဲ့ EU ရဲ့ GDPR ဥပဒေနဲ့အရေးယူလို့မရခဲ့ပါဘူး။
Photo: Iusiness Insider
GDPR လို့ခေါ်တဲ့ အထွေထွေ အချက်အလက် ကာကွယ်ရေး ဥပဒေနဲ့ငြိစွန်းတဲ့ ကုမ္ပဏီတစ်ခုဟာ ယင်းကုမ္ပဏီရဲ့ တစ်နှစ်တာ ဝင်ငွေထဲက ၄% အထိ ဒဏ်ရိုက်ခံရမှာပါ။ လက်ရှိမှာ Uber ဟာ အမေရိကန်ပြည်နယ်အနှံ့အပြားမှာ ကြုံတွေ့ခဲ့တဲ့ ၂၀၁၆ အချက်အလက် ပေါက်ကြားမှုကြောင့် ဒေါ်လာ ၁၄၈ သန်း ပေးဆောင်ဖို့သဘောတူညီထားပါတယ်။
Share