ဖိလစ်ပိုင်နိုင်ငံမှာ အိမ်ရှင်အဖြစ် ကျင်းပသွားမယ့် ၂၀၁၉ SEA Games မှာ eSports ကစားနည်း ၆ မျိုးကို ပထမဆုံးအကြိမ် ထည့်သွင်းကျင်းပသွားတော့မှာပါ။
Photo: foxsports asia
SEA Games အတွက် သတင်းစာရှင်းလင်းပွဲမှာ Razer ဂိမ်းကုမ္ပဏီနဲ့ဖိလစ်ပိုင်အိုလံပစ်ကော်မတီ PhilSGOC တို့ကနေ တရားဝင် ထုတ်ပြန်ခဲ့တာ ဖြစ်ပြီး eSports ကို တရားဝင်အဖြစ် ဆီးဂိမ်းမှာ ထည့်သွင်းခဲ့တာပါ။ Razer ဟာ ၂၀၁၉ ဖိလစ်ပိုင် SEA Games အတွက် တရားဝင် ပါတနာအဖြစ် ပါဝင်ထားပြီး ဒီပွဲမှာ ကုမ္ပဏီရဲ့ အတွေ့အကြုံနဲ့ကျွမ်းကျင်မှုတွေအပြင် လိုအပ်တဲ့ ပစ္စည်းတွေ ၊ software နဲ့ဝန်ဆောင်မှုတွေပါ ထောက်ပံ့ပေးသွားမှာ ဖြစ်ပါတယ်။
Razer ရဲ့ ပူးတွဲတည်ထောင်သူနဲ့CEO တန်မင်းလိုင်က "eSports က ကျွန်တော်တို့Razer ကုမ္ပဏီကို တည်ထောင်ကတည်းက အနှစ်သာရအနေနဲ့ရှိခဲ့တာပါ။ အခုလည်း eSports ပြန့်ပွားရေးအတွက် တစ်ကမ္ဘာလုံးမှာ ပွဲတွေ ၊ အသင်းတွေ နဲ့ကစားသမားတွေကို ၁၅ နှစ်နီးပါး ကျွန်တော်တို့ပံ့ပိုးလာခဲ့တာပါ။ ၂၀၁၉ SEA Gamesလို နိုင်ငံတကာ အားကစားပြိုင်ပွဲမှာ eSports ကို တစ်ခြား အားကစားနည်းတွေလို တရားဝင် ယှဉ်ပြိုင်ခွင့်ရဖို့အများကြီး ကြိုးပမ်းခဲ့ရပါတယ်။" လို့ဆိုပါတယ်။
၂၀၁၉ SEA Games မှာ Mobile Legends: Bang Bang ဂိမ်းကုမ္ပဏီ Moonton လည်း ပထမဆုံး ဂိမ်းပါတနာအဖြစ် ပါဝင်လာမှာပါ။ eSports ရွှေတံဆိပ်အတွက် မိုဘိုင်းဂိမ်း ၂ မျိုး ၊ PC ဂိမ်း ၂ မျိုးနဲ့console ဂိမ်း ၂ မျိုး စုစုပေါင်း ဆု ၆ မျိုး ပေးသွားမှာ ဖြစ်ပါတယ်။ ထည့်သွင်းမယ့် ဂိမ်းအမျိုးအစားတွေကိုတော့ လာမယ့် ဒီဇင်ဘာ ၁၅ ရက်နေ့မှာ ကြေငြာသွားဖို့ရှိပါတယ်။
eSports ပြိုင်ပွဲဝင်များကိုတော့ ဆိုင်ရာနိုင်ငံက အရည်အချင်းစစ် ပြိုင်ပွဲတွေကနေ ရွေးချယ်သွားမှာ ဖြစ်ပြီး တိုက်ရိုက်ဖိတ်ခေါ် ကစားသမား မထားရှိဘူးလို့ဆိုပါတယ်။ လာမယ့်နှစ် SEA Games ပွဲမှာ Dota 2 နဲ့League of Legends လို ဂိမ်းတွေပါ ထည့်သွင်းကျင်းပသွားဖို့ရှိပါတယ်။ eSports တွေကို အင်ဒိုနီးရှားမှာ ကျင်းပခဲ့တဲ့ ၁၈ ကြိမ်မြောက် အာဆီယံဂိမ်းပွဲတော်မှာ သရုပ်ပြအဖြစ် ထည့်သွင်းခဲ့ပေမယ့် ဆုပေးတဲ့ အဆင့်မှာ မထားခဲ့ပါဘူး။
Photo: straitstimes
လက်ရှိအချိန်အထိ Razer ဟာ နိုင်ငံပေါင်း ၂၅ နိုင်ငံက eSports ချန်ပီယံအသင်း ၁၈ သင်းကို ထောက်ပံ့ပေးထားပါတယ်။ Reazer ဂိမ်မာတွေဟာလည်း ပြီးခဲ့တဲ့ နှစ်နှစ်အတွင်း ဆုကြေး ဒေါ်လာ ၁၀ သန်း (စကာၤပူဒေါ်လာ ၁၃.၇ သန်း) အနိုင်ရထားတာပါ။