ရန်ကုန်တိုင်းဒေသကြီးကျန်းမာရေးဦးစီးဌာနရဲ့ စာရင်းတွေအရ ပြီးခဲ့တဲ့ အောက်တိုဘာလအတွင်း ရန်ကုန်တိုင်းမှာ ခွေးကိုက်ခံရသူ ၁၃၀၀ ကျော်အထိရှိခဲ့ပြီး နိုဝင်ဘာလထဲမှာ တစ်ရက်ကို လူ ၆၀ လောက် ခွေးကိုက်ခံရပြီး ခွေးရူးကာကွယ်ဆေးထိုးနေရတယ်လို့ ဆိုပါတယ်။
၂၀၁၈ ခုနှစ် ဇန်နဝါရီလကနေ အောက်တိုဘာလအထိ ရန်ကုန်ဆေးရုံကြီးမှာ ခွေးကိုက်ခံရသူပေါင်း ၈၆၂၉ ယောက်ကို ကုသပေးခဲ့ရပြီး ၂၅ ယောက်သေဆုံးခဲ့တယ်လို့ Out Break News Today သတင်းမှာ ဖော်ပြပါတယ်။
ခွေးရူးရောဂါဟာ ကာကွယ်ဖို့နည်းပဲရှိပြီး ကုသလို့ မရတာကြောင့် ခွေးကိုက်ခံရပြီဆိုတာနဲ့ နီးစပ်ရာ ဆေးရုံဆေးခန်းကို ၂၄ နာရီအတွင်းရောက်ဖို့ လိုအပ်ပါတယ်လို့ တိရိစ္ဆာန်ဆေးကုဆရာဝန် ဒေါက်တာ စောသက်ထွန်းက Duwun ကို ပြောပါတယ်။
ခွေးကိုက်ခံသူအများစုဟာ ဒလမြို့နယ်ကဖြစ်ပြီး ခွေးကိုက်ခံရနှုန်းတွေ တက်လာနေပါတယ်။ ရန်ကုန်မှာခွေးကောင်ရေ ၂ သိန်းရှိနေပြီး မျိုးပွားနှုန်းက တစ်နှစ်ကို ကောင်ရေသုံးသောင်းကနေ ငါးသောင်းကြားအထိ ရှိနေတယ်လို့ အချက်အလက်တွေက ဆိုပါတယ်။
ခွေးရူးရောဂါကြောင့် လူသေဆုံးမှုဟာ နှစ်စဉ်တက်နေတာကြောင့် လေလွင့်ခွေးတွေကို ထိမ်းချုပ်တဲ့ နည်းလမ်းကို ကောင်းကောင်းသုံးသင့်နေပြီးလို့ ဆရာဝန်အသိုင်းအဝိုင်းက သုံးသပ်ပါတယ်။