အချုပ်သား ၁၂ ယောက်က ဆန္ဒပြတာပါ။

ချင်းပြည်နယ်၊မင်းတပ်မြို့ရှိရဲစခန်းမှာ အချုပ်ကျနေတဲ့ အချုပ်သား ၁၂ ဦးဟာ အချုပ်သား အခွင့်အရေး အပြည့်အဝမရရှိတာကြောင့် ဒီနေ့ နိုဝင်ဘာ ၂၉ ရက်က စပြီး အစာငတ်ခံ ဆန္ဒပြနေကြတယ်လို့သိရပါတယ်။





အချုပ်သားတွေဟာ အချုပ်ခန်းထဲမှာ အချုပ်စည်းကမ်းတွေ ထုတ်ပြန်ထားပြီးရှိပေမယ့် ထင်သာမြင်သာရှိအောင် ကပ်ထားတာမျိုးမရှိဘဲ သောက်ရေ လုံလုံလောက်မရှိတာ၊ ကျန်းမာရေးစောင့်ရှောက်မှု မရှိတာ၊ ဧည့်တွေ့ချိန်နည်းတာနဲ့ အစားအသောက် အဆင်မပြေမှုတွေ ကြောင့် ဆန္ဒထုတ်ဖော်ရတာဖြစ်တယ်လို့ အချုပ်သားတွေဆီက တစ်ဆင့် သိရကြောင်း မင်းတပ် လူငယ်အဖွဲ့အစည်းက ဆလိုင်းမာန်ဟုန်းက Duwun ကိုပြောပါတယ်။



“သူတို့ အခက်တွေ့နေတာက ရေသန့်ဘူးတွေလည်းယူလို့မရဘူး။ သူတို့ဖြစ်စေချင်တာက လူတစ်ယောက်ကို တယောက်နှုန်းနဲ့ သောက်ချင်တာပေါ့နော်။ ရောဂါပိုးတွေ ကူးနိုင်မှာ စိုးလို့ပါ။ ကျန်းမာရေးစောင့်ရှောက်မှုတွေလည်းမရှိဘူး။ အရင်တစ်ခေါက်က တုပ်ကွေးတွေ အားလုံးကူးတယ်လို့ ပြောပါတယ်။ ဧည့်တွေလာတဲ့အချိန် အစားအသောက်တွေ ပေးသွားလည်း သူတို့ဆီကို အကုန်မရောက်ဘူးလို့ ပြောပါတယ်။ ကြားထဲမှာရဲတွေက တစ်ဆင့်ပျောက်သွားတယ်လို့ ပြောပါတယ်။ သူတို့က အချုပ်ကျနေတဲ့ကာလဖြစ်လို့ တရားခံ လုံးလုံးကြီးလည်း မဖြစ်သေးဘူးဆိုတော့ အကျဉ်းသားတွေထက် လွတ်လပ်မှုပိုရှိသင့်တယ်လို့ မြင်တယ်” လို့ မင်းတပ်လူငယ်အဖွဲ့အစည်းမှ ဆလိုင်းမာန်ဟုန်းက ပြောပါတယ်။



လက်ရှိတော့ မင်းတပ်ရဲစခန်း အချုပ်ထဲမှာ အကျဉ်းသား ၁၂ ဦးခန့်ရှိပြီးအခုလိုအခက်အခဲတွေ ဖြစ်နေတာကြာပြီဖြစ်လို့သက်ဆိုင်ရာကို အကူအညီတောင်းခံစာတွေ ရေးထားပြီး အခုတော့ အခြေအနေဆိုးရွားလာလို့ ဆန္ဒပြနေရတာဖြစ်ကြောင်း သိရပါတယ်လို့ ကိုဆလိုင်းမာဟုန်းက ပြောပြပါတယ်။



မင်းတပ်လူငယ်အဖွဲ့အစည်းအနေနဲ့ အချုပ်သားတွေ ထိုက်သင့်တဲ့ အခွင့်အရေးအပြည့်အ၀ ရရှိအောင် မင်းတပ် ခရိုင်ရဲမှူးနဲ့ စခန်းမှူးတို့ကို ဆွေးနွေးတိုင်ပင်သွားပြီး သက်ဆိုင်ရာ ဌာနကို စာပို့အကြောင်းကြားတာမျိုးလည်း လုပ်သွားမယ်လို့သိရပါတယ်။

Share

Loading Next Article...
က္က