display ကို စာအုပ်တစ်အုပ်လို ခေါက်သိမ်းထားလို့ရမယ့် Foldable ဖုန်းတွေဟာ လာမယ့်နှစ်တွေမှာ ခေတ်စားလာဖို့ရှိပါတယ်။
Photo: phoneia
တရုတ်စမတ်ဖုန်းကုမ္ပဏီ OPPO ဟာ ဖေဖော်ဝါရီလမှာ ကျင်းပသွားမယ့် Mobile World Congress ပွဲမှာ ကုမ္ပဏီရဲ့ ပထမဆုံး foldable ဖုန်းကို မိတ်ဆက်သွားမယ်လို့ကုမ္ပဏီရဲ့ ထုတ်ကုန်မန်နေဂျာ ချောက်ဝမ်က အတည်ပြုထားပါတယ်။
"Samsung နဲ့Sony တို့လည်း ခေါက်သိမ်းနိုင် foldable ဖုန်း ထုတ်နေတယ်ဆိုတာ ကျွန်တော်တို့သိပါတယ်။ OPPO ဆီကလည်း အလားတူ သတင်းတွေကို ခင်ဗျားတို့မျှော်လင့်နိုင်ပါတယ်။ MWC ပွဲမှာ တွေ့ရဖို့ရှိပါတယ်။ " လို့ချောက်ဝမ်က ဆိုပါတယ်။
OPPO အနေနဲ့ခေါက်သိမ်းနိုင် စမတ်ဖုန်း မိတ်ဆက်သွားဖို့ရှိတယ်ဆိုတာကလွဲပြီး တစ်ခြား အသေးစိတ်အချက်အလက်တွေ ပြောမပြသေးပါဘူး။ ပုံမှန်အားဖြင့် foldable ဖုုန်းတစ်လုံးဟာ တက်ဘလက်တစ်လုံးလို ကျယ်ပြန့်တဲ့ screen ကို အိတ်တစ်လုံးလို ခေါက်ချိုး ကွေးညွှတ်ပြီး ရိုးရိုးဖုန်းတစ်လုံးအဖြစ်ပါ ပုံစံပြောင်းနိုင်မှာပါ။
လက်ရှိ ဈေးကွက်ထဲ ရောက်နေတဲ့ Foldable ဖုန်းစစ်စစ်ကတော့ Royole FlexPai ဆိုတဲ့ ခေါက်သိမ်းနိုင် စမတ်ဖုန်းပါ။ ဖုန်း display ကို ထက်ဝက်ခေါက်ချိုးနိုင်ပြီး display အဖွင့်အပိတ်ကို အကြိမ်ရေ ၂ သိန်းကျော် အလုပ်လုပ်နိုင်တယ်လို့ကြေငြာထားပါတယ်။ ဒီဖုန်းရဲ့ ဈေးနှုန်းကလည်း အနည်းဆုံး ၈၉၉၉ ယွမ် (မြန်မာငွေ သိန်း ၂၀ ကျော်)ကနေ ၁၂၉၉၉ ယွမ် (မြန်မာငွေ သိန်း ၃၀ နဲ့အထက်) မှာ ရှိနေပါတယ်။
နာမည်ကြီး စမတ်ဖုန်းကုမ္ပဏီတွေ ဖြစ်တဲ့ Samsung ဟာ မကြာသေးခင်က Infinity Flex display သုံး ခေါက်သိမ်းနိုင် ဖုန်းမော်ဒယ်နမူနာကို ပြသခဲ့သလို Huawei ၊ Lenovo နဲ့Xiaomi တို့ကလည်း ကိုုယ်ပိုင် foldable ဖုန်းသစ်တွေ ကြေငြာဖို့ပြင်နေပါတယ်။
နောက်ဆုံးပေါ် အဆင့်မြင့် နည်းပညာတွေနောက် လိုက်နေတဲ့ OPPO ဟာ သုတေသနနဲ့ဖွံ့ဖြိုးရေးအတွက် ရန်ပုံငွေအဖြစ် ယွမ် ၁၀ ဘီလံျ (ဒေါ်လာ ၁.၄ ဘီလျံခန့်) မြှပ်နှံထားပါတယ်။ ဒီနှစ်ထဲမှာ OPPO brand ဖုန်းတစ်လုံးဖြစ်တဲ့ OPPO Find X ဟာ နည်းပညာအားဖြင့်ရော ဒီဇိုင်းပိုင်းအားဖြင့်ပါ ဈေးကွက်မှာ မျက်စိကျစရာအဖြစ် ထွက်ပေါ်လာခဲ့တာပါ။
Photo: India Today
OPPO ဟာ ၂၀၂၀ မှာ 5G ဖုန်းကြေငြာသွားဖို့လည်း ရှိပါပတယ်။ ၂၀၁၉ မှာတော့ OPPO အနေနဲ့ဘယ်လို ထူးခြားတဲ့ဖုန်းသစ်တစ်လုံးကို ကြေငြာသွားမလဲဆိုတာ စိတ်ဝင်စားစရာပါ။
Share