စင်ကာပူမှာရှိတဲ့ငွေလဲကောင်တာတွေကနေမြန်မာငွေလဲလာတဲ့သူတွေမှာမြန်မာငွေစက္ကူအတုတွေပါလာတာကြောင့် ဖမ်းဆီခံရသူတွေရှိနေပြီး လူမှုကွန်ရက်မှာ ဝေဖန်မှုတွေလည်းဖြစ်ပေါ်နေပါတယ်။
Photo - Ministry of Home Affair
ဒီဇင်ဘာ ၆ ရက်က ဒိုက်ဦးမြို့နယ်မှာ ငွေစက္ကူအတုတွေရှိတယ်ဆိုပြီး သတင်းအရ ရှာဖွေရာ လယ်ကြားမြောင်ကျေးရွာနေ နော်သော့သွဲထူးဆိုသူရဲ့ နေအိမ် အိပ်ခန်းအတွင်း တစ်သောင်းကျပ်တန် ငွေစက္ကူအတု ၄၅ ရွက်ကို ဖမ်းဆီးရမိခဲ့တယ်လို့ ပြည်ထဲရေးဝန်ကြီးဌာနက သတင်းထုတ်ပြန်ပါတယ်။
ဖမ်းဆီးရမိမှုကို စစ်မေးရာ နော်သော့သွဲထူးဆိုသူက ပြီးခဲ့တဲ့ ၂၀၁၇ ခုနှစ် ဒီဇင်ဘာတုန်းက စင်ကာပူနိုင်ငံမှာ အိမ်အကူလုပ်ကိုင်ခဲ့ပြီး အိမ်ရှင်အမျိုးသမီးက လုပ်အားခရှင်းရာမှာ စင်ကာပူနိုင်ငံက MM Sharife Trader မှာ လဲလှယ်ခဲ့တဲ့ ငွေတွေဖြစ်ပြီး ငွေအတုတွေ ဖြစ်နေတယ်လို့ သိရှိခဲ့ရတာဖြစ်ပါတယ်။
နော်သော့သွဲ့ထူးဆိုသူကို ဒိုက်ဦးမြို့မရဲစခန်းကနေ (ပ) ၁၄၂၀/၂၀၁၈ ၊ မြန်မာနိုင်ငံတော်ဗဟိုဘဏ် ဥပဒေပုဒ်မ ၁၀၅/၁၀၆ နဲ့ အမှုဖွင့်စစ်ဆေးနေတယ်လို့ ပြည်ထဲရေးက ထုတ်ပြန်ပါတယ်။
ဒါ့အပြင် ပြီးခဲ့တဲ့ နိုဝင်ဘာ ၂၈ ရက် က ရွှေတိဂုံဘုရားမှာ တစ်သောင်းတန် ငွေစက္ကူအတုကိုင်ဆောင်ထားတဲ့ စင်္ကာပူနိုင်ငံသား ၂ ဦးကို ဖမ်းမိခဲ့တယ်လို့ မြန်မာနိုင်ငံရဲတပ်ဖွဲ့ကနေ သတင်းထုတ်ပြန်ပါတယ်။
အဲဒီနောက် ဆက်လက်စစ်ဆေးရာ သူတို့နှစ်ဦးဆီကနေ တစ်သောင်းတန် ငွေစက္ကူအတု ၄၂ ရွက်ကို ရဲတပ်ဖွဲ့ ထပ်မံသိမ်းဆည်းရမိခဲ့ပြီး စင်္ကာပူနိုင်ငံ ချန်ဂီလေဆိပ်ရှိ The Arcade ငွေလဲကောင်တာက အိန္ဒိယလူမျိုး ၂ ဦးဆီကနေ လဲလှယ်ခဲ့တဲ့ ငွေတွေဖြစ်တယ်လို့ သိရပါတယ်။
စင်္ကာပူနိုင်ငံသား Mr.Lin Bee Fun နှင့် ဇနီး Mrs Chin Kuo Kuang တို့ ကို ဒဂုံမြို့မရဲစခန်း(ပ)၁၃၃/၂၀၁၈၊ မြန်မာနိုင်ငံဗဟိုဘဏ်ဥပဒေပုဒ်မ ၁၀၅/၁၀၆နဲ့ အရေးယူထားတယ်လို့ လည်းသိရပါတယ်။