စနေနေ့ည ၁၂ နာရီအချိန်မှာ ချယ်ဆီးအသင်းနဲ့ မန်ချက်စတာစီးတီးအသင်းတို့ဟာ ချယ်ဆီးအသင်းရဲ့စတန်းဖို့ဒ်ဘရစ်ဂျ်ကွင်းထဲမှာ ယှဉ်ပြိုင်ကစားသွားကြမှာဖြစ်ပါတယ်။ ချယ်ဆီးအသင်းနဲ့ မန်စီးတီးတို့ရဲ့ပွဲစဉ်မတိုင်မီမှာ နှစ်ဖက်နည်းပြတွေရဲ့အပြန်အလှန်ပြောစကားတွေကလည်း ပွဲရှိန်ကို ပိုမိုမြင့်တက်နေစေပါတယ်။
ထိပ်တိုက်တွေ့ဆုံမှု
Photos: Squawka
- ချယ်ဆီးအသင်းနဲ့ မန်ချက်စတာစီးတီးတို့ နောက်ဆုံးတွေ့ဆုံခဲ့တဲ့ ၅ ပွဲမှာ ချယ်ဆီးအသင်းက ၃ ပွဲရှုံး ၂ ပွဲနိုင်ရလဒ်ရရှိထားပါတယ်။ ချယ်ဆီးအသင်းဟာ ပြီးခဲ့တဲ့ ၂၀၁၇ ခုနှစ် စက်တင်ဘာ ၃၀ ရက်နေ့က စတန်းဖို့ဒ်ဘရစ်ဂျ်မှာ မန်စီးတီးအသင်းကို ၁ ဂိုး ဂိုးမရှိနဲ့ ရှုံးနိမ့်ထားပါတယ်။ နောက်ဆုံးတွေ့ဆုံခဲ့တဲ့ပွဲစဉ်ကတော့ ပြီးခဲ့တဲ့ သြဂုတ်လ ၅ ရက်နေ့က ဝင်ဘလေကွင်းမှာ ကွန်မြူနတီဒိုင်းလုပွဲအဖြစ် ယှဉ်ပြိုင်ကစားခဲ့တဲ့ပွဲစဉ်မှာဖြစ်ပါတယ်။ ယင်းပွဲစဉ်မှာလည်း မန်စီးတီးအသင်းက ၂ ဂိုး ဂိုးမရှိနဲ့အနိုင်ရရှိပြီး ကွန်မြူနတီဒိုင်းကို ရရှိသွားခဲ့တာဖြစ်ပါတယ်။
ပွဲကြိုအချက်အလက်များ
Photos: 101greatgoals
- ချယ်ဆီးအသင်းဟာ မန်စီးတီးကို အိမ်ကွင်းမှာ လက်ခံကစားခဲ့တဲ့ နောက်ဆုံး ၃ ပွဲမှာ ၂ ပွဲရှုံး ၁ ပွဲသာအနိုင်ရရှိထားပါတယ်။
- ချယ်ဆီးအသင်းဟာ ပြီးခဲ့တဲ့ရာသီက မန်စီးတီးအသင်းနဲ့တွေ့ဆုံခဲ့တဲ့ပွဲစဉ် ၂ ပွဲပေါင်းမှာ ဂိုးကန်သွင်းခွင့် ၇ ကြိမ်သာရရှိခဲ့ပါတယ်။
- ချယ်ဆီးနည်းပြဆာရီဟာ နာပိုလီအသင်းကို ကိုင်တွယ်ခဲ့စဉ်တုန်းက အတ္တလန်တာ၊ ရိုးမားအသင်းတို့ကို ၂ ပွဲဆက်တိုက်ရှုံးနိမ့်ခဲ့တဲ့ ၂၀၁၆ ခုနှစ် အောက်တိုဘာလကတည်းက ၂ ပွဲဆက်တိုက် ရှုံးနိမ့်ခဲ့ခြင်းမရှိသေးပါဘူး။
- မန်ချက်စတာစီးတီးဟာ ၁၉၅၅ ခုနှစ်ကတည်းက ချယ်ဆီးအသင်းအိမ်ကွင်းမှာ သွားရောက်ယှဉ်ပြိုင်ရတဲ့ ထိပ်တန်းအဆင့်ပြိုင်ပွဲတွေမှာ ဆက်တိုက်အနိုင်ရရှိခြင်းမရှိသေးပါဘူး။
- မန်ချက်စတာစီးတီးအသင်းဟာ ချယ်ဆီးအသင်းနဲ့ ၁၆၁ ကြိမ်မြောက်တွေ့ဆုံရမှာဖြစ်ပြီး ချယ်ဆီးအသင်းကို ပြိုင်ပွဲစုံမှာ ၄ ပွဲဆက်တိုက်တစ်ခါမှ အနိုင်ရရှိခဲ့ဖူးခြင်းမရှိပါဘူး။
- မန်ချက်စတာစီးတီးအသင်းဟာ နောက်ဆုံး အဝေးကွင်း ၁၄ ပွဲမှာ တစ်ပွဲမှ ရှုံးနိမ့်ခဲ့ခြင်းမရှိဘဲ ၁၁ ပွဲနိုင် ၃ ပွဲသရေရလဒ်ရရှိထားပြီး ပရီးမီးယားလိဂ်မှာ အဝေးကွင်း ၁၅ ပွဲအထိ ရှုံးပွဲမရှိစံချိန် မတင်ရှိခဲ့ဖူးပါဘူး။
နှစ်ဖက်နည်းပြ ပြောစကားများ
Photos: Sky Sport
- အခုအချိန်မှာ သူတို့က ကျွန်တော်တို့ထက် ပိုပြီး တောင့်တင်းပါတယ်။ ဒါပေမယ့် ကျွန်တော်တို့ရဲ့နောက်ဆုံးပစ်မှတ်ကတော့ ဥရောပမှာ အကောင်းဆုံးအသင်းဖြစ်ဖို့ပါ။ ကျွန်တော်တို့ အလုပ်လုပ်ဖို့လိုတယ်။ ဒီထက်ပိုကောင်းမွန်ဖို့လိုတယ်။ မိနစ် ၉၀ အတွင်းမှာ ဘာမဆိုဖြစ်သွားနိုင်ပါတယ်။ အရမ်းခက်ခဲမယ်ဆိုတာ ကျွန်တော်တို့ သိပါတယ်။ ဒါပေမယ့် ကျွန်တော်တို့ ယုံကြည်မှုရှိရပါလိမ့်မယ်။
(ချယ်ဆီးအသင်းနည်းပြ မူရီဇီယိုဆာရီရဲ့ ပြောစကား)
Photos: 101greatgoals
- ကျေးဇူးတင်ပါတယ်။ ဒါပေမယ့် ကျွန်တော်တို့က အကောင်းဆုံးမဟုတ်ပါဘူး။ အကောင်းဆုံးဖြစ်ဖို့ဆိုရင် ခင်ဗျား ဆုဖလားတွေ ရယူနိုင်ရပါလိမ့်မယ်။ စတန်းဖို့ဒ်ဘရစ်ဂျ်မှာ သွားရောက်ယှဉ်ပြိုင်ကစားရတဲ့ပွဲတိုင်းက အမြဲတမ်းခက်ခဲနေမှာပါ။ အဲဒီကို ကျွန်တော် နည်းပြအဖြစ်နဲ့ အကြိမ်များစွာ သွားရောက်ယှဉ်ပြိုင်ခဲ့ဖူးပြီး ၁ ကြိမ်ပဲ အနိုင်ရရှိခဲ့ပါတယ်။ အကြိမ်များစွာ အဲဒီမှာ ကျွန်တော် ရှုံးနိမ့်ခဲ့ပါတယ်။
(မန်ချက်စတာစီးတီးအသင်းနည်းပြ ပက်ဂွါဒီယိုလာရဲ့ပြောစကား)
နှစ်ဖက်အသင်းသတင်းများ
- ဂျော်ဂျင်ဟိုနဲ့ ဒေးဗစ်လုဇ်တို့ဟာ မန်စီးတီးနဲ့ပွဲစဉ်မှာ ပြန်လည်ပါဝင်ကစားနိုင်မယ်လို့ မျှော်လင့်ရပြီး မန်စီးတီးနဲ့ပွဲမတိုင်မီအချိန်အထိ ပြင်းထန်တဲ့ဒဏ်ရာရရှိထားသူမရှိဘူးလို့ နည်းပြ ဆာရီက ပြောကြားထားပါတယ်။ ကိုဗာဆစ်ကို ကွင်းလယ်မှာ ပွဲထွက်ကစားတာမြင်တွေ့ရမယ်လို့ သိရပြီး ဂီရော့ဒ်လည်း ပွဲထွက်လူစာရင်းမှာ ပါဝင်နေတယ်လို့ သိရပါတယ်။
Photos: ESPN
- ဒီဘရိုင်းနဲ့ အဂူရိုတို့ ၂ ဦးစလုံး ချယ်ဆီးနဲ့ပွဲစဉ်မှာ ပါဝင်ကစားပေးနိုင်ဦးမှာမဟုတ်သေးဘူးလို့ သိရပြီး ဒီဘရိုင်းက ဒူးဒဏ်ရာ၊ အဂူရိုက ကြွက်သားဒဏ်ရာပြဿနာနဲ့ရင်ဆိုင်နေရတာဖြစ်ပါတယ်။ မန်စီးတီးနည်းပြ ဂွါဒီယိုလာက "နှစ်ယောက်စလုံး ကစားပေးနိုင်မှာမဟုတ်ပါဘူး။ မကြာခင်မှာ ပြန်လာနိုင်ပါလိမ့်မယ်"လို့ အတည်ပြုပြောကြားခဲ့ပါတယ်။
ခန့်မှန်းပွဲထွက်လူစာရင်း
Photos: 101greatgoals
Photos: 101greatgoals
Share