Love Yourself ကမ္ဘာလှည့်ဖျော်ဖြေပွဲလုပ်နေတဲ့ ကိုရီးယားအဆိုတော်အဖွဲ့ BTS ဟာ အသေးစားယာဉ်တိုက်မှုတစ်ခု ဖြစ်ပွားခဲ့ ပြီး ကံကောင်းစွာပဲ တစ်ဦးမှ ဒဏ်ရာရရှိခြင်းမရှိဘူးလို့ သိရပါတယ်။
BTS အဖွဲ့ဟာ သူတို့ရဲ့ Love Yourself ကမ္ဘာလှည့်ဖျော်ဖြေပွဲရဲ့ ဒုတိယမြောက်ဖျော်ဖြေရေးအစီအစဉ်ကို ထိုင်ဝမ်မှာ ဒီဇင်ဘာလ ၉ ရက်နေ့က ပြုလုပ်ပြီး အပြန်မှာကားအက်စီးဒင့်ဖြစ်ခဲ့တယ်လို့ သိရပါတယ်။
ဒီသတင်းနဲ့ ပတ်သက်ပြီး BTS အဖွဲ့ရဲ့အေဂျင်စီ Big Hit က ဒီဇင်ဘာလ ၁၀ ရက်နေ့မှာရှင်းပြခဲ့ပါတယ်။
"BTS က ထိုင်ဝမ်က ဖျော်ဖြေပွဲအပြီး တည်းခိုတဲ့နေရာကို ပြန်လာတဲ့လမ်းမှာ သူတို့စီးလာတဲ့ကားကအသေးစား ယာဉ်တိုက်မှု ဖြစ်ခဲ့ပါတယ်။ အဖွဲ့ဝင်တစ်ယောက်မှဒဏ်ရာရရှိခဲ့ခြင်းမရှိပါဘူး။ သူတို့တည်းခိုရာနေရာကို အန္တရာယ်ကင်းကင်းနဲ့ ပြန်ရောက်ခဲ့ပါတယ်။ ဒါကြောင့် သူတို့ရဲ့ အစီအစဉ်တွေ ရွှေ့ပြောင်းခြင်း ဘာမှမရှိပါဘူး" လို့ Big Hit ကတာဝန်ရှိသူတစ်ဦးက ပြောခဲ့ကြောင်း ကိုရီးယားသတင်းအေဂျင်စီတစ်ခုဖြစ်တဲ့ Soompi မှာရေးသားဖော်ပြထားပါတယ်။
ကိုရီးယားအမျိုးသားအဖွဲ့ဝင် ၇ ဦး ပါဝင်တဲ့ BTS အဖွဲ့ဟာ Love Yourself ကမ္ဘာလှည့်ဖျော်ဖြေပွဲကို သြဂုတ်လ ၂၅ ရက်နဲ ၂၆ ရက်တွေက ဆိုးလ်မြို့မှာပြုလုပ်ရင်း စတင်ခဲ့ပါတယ်။ဒီဇင်ဘာလ ၁၂ ရက်နေ့မှာတော့ ဂျပန်မှာ ဖျော်ဖြေမှာ ဖြစ်ပြီး ဒီဇင်ဘာလ ၁၄ ရက်နေ့မှာ ဟောင် ကောင် မှာ ဖျော်ဖြေမှာ ဖြစ်ပါတယ်။
၂၀၁၃ ခုနှစ်မှာ စတင်ဖွဲ့စည်းခဲ့တဲ့ သူတို့အဖွဲ့ဟ Billobard ရဲ့ Top 200 မှာ အကြိမ်ကြိမ် ဝင်ရောက်နိုင်ခဲ့ပြီးဒီနှစ် မေလအတွင်းက ထိပ်ဆုံး အထိ ရောက်ရှိသွားခဲ့ပါတယ်။ ဒီနေရာကို K-pop အဖွဲ့တစ်ခုအနေနဲ့ရတာ ပထမဆုံးအကြိမ်ဖြစ်တဲ့အပြင် 'Love Yourself: Tear' အယ်လ်ဘမ်က ၁၂ နှစ်အတွင်းမှာ ထိပ်ဆုံးနေရာကို ရယူနိုင်တဲ့ ပထမဆုံး (အင်္ဂလိပ်သီချင်းမဟုတ်တဲ့) နိုင်ငံခြားသီချင်းခွေဖြစ်ခဲ့ပါတယ်။