မင်းသန့်မောင်မောင် ဒါရိုက်တာအဖြစ် ရုပ်ရှင်ကားတွေရိုက်ကူးနေပြီဖြစ်ပါတယ်။

စင်ရော်မောင်မောင်ဟာ မင်းသန့်မောင်မောင်ကို ဒါရိုက်တာ တစ်ယောက်သာမက သရုပ်ဆောင် တစ်ယောက်လည်း ဖြစ်စေချင်တယ်လို့ ဆိုပါတယ်။

Photo: Zin Yaw Mg Mg



ဒါရိုက်တာ စင်ရော်မောင်မောင်ကတော့ သားဖြစ်သူကို သရုပ်ဆောင်တစ်ယောက်ဖြစ်စေချင်တာကြောင့် ကိုယ်ပိုင်ထုတ်လုပ်ရေးကနေ ရုပ်ရှင်ဇာတ်ကားတွေ ထုတ်လုပ်ရိုက်ကူးပေးသွားဖို့ ပြင်ဆင်နေပါပြီ။

" သားသား မင်းသန့်မောင်မောင်သည် "ပျံ့လွင့်လာမည့် ဆည်းလည်းသံများ" ဇာတ်လမ်းတိုရုပ်ရှင်နှင့် “တိမ်တွေပေါ်ကပန်း”ဇာတ်လမ်းရှည်ရုပ်ရှင် တို့ကို ရိုက်ကူးပြီးစီးပြီး ဖြစ်ပါတယ်။ ဆက်လက်၍ ဇာတ်ကားကြီး တစ်ကားကို ဒါရိုက်တာအဖြစ် ရိုက်ကူးရန် ပြင်ဆင်ဆောင်ရွက်လျက် ရှိပါတယ်။ ၎င်းအပြင် ကျွန်တော်တို့ “စင်ရော်”ရုပ်ရှင်ထုတ်လုပ်ရေးမှ မင်းသန့်မောင်မောင်အား အဓိက သရုပ်ဆောင် မင်းသားအဖြစ် ရိုက်ကူးရန်လည်း အနာဂါတ်စီမံချက် ထားရှိပါတယ်" ဆိုပြီးတော့ မေလ ၁၁ ရက်နေ့ နေ့လယ် ၂ နာရီကျော်က သူ့ရဲ့ ဖေ့စ်ဘွတ်စာမျက်နှာမှာ ရေးသားခဲ့ပါတယ်။ 

Photo: Zin Yaw Mg Mg

မင်းသန့်မောင်မောင်ဟာ ဖခင်ဖြစ်သူ ဒါရိုက်တာ စင်ရော်မောင်မောင် နဲ့ အတူ ရုပ်ရှင်ဇာတ်ကားကြီးတွေ ရိုက်ကူးခဲ့သူပါ။ ဒါကြောင့် ဒါရိုက်တာ စင်ရော်မောင်မောင်က စင်ရော် ရုပ်ရှင်ထုတ်လုပ်ရေးကနေ ရိုက်ကူးသင့်၊ လေ့လာ သင့်တဲ့ ဇာတ်လမ်း၊ ဝတ္ထုတွေရှိရင် ပရိသတ်တွေ အကြံပြုပေးပါလို့လည်း တောင်းဆိုခဲ့ပါသေးတယ်။ 

" မြန်မာပြည် တစ်ဝှမ်းလုံးနှင့် ကမ္ဘာအနှံ့ရှိ ချစ်စွာသော ပရိသတ်ကြီးများအား အထူးမေတ္တာ ရပ်ခံလိုပါတယ်။ သားသားမင်းသန့်မောင်မောင် နှင့် ကျွန်တော် ကြည့်ရှုသင့်သည့် ဇာတ်ကားများ၊ ဝယ်ယူသင့်သည့် ဝတ္ထုများ၊ လေ့လာသင့်သည့် အရာများကို အကြံပေးပါရန် မေတ္တာရပ်ခံပါတယ်။ ၎င်းအပြင် ကိုယ်ပိုင် ဇာတ်လမ်းနှင့် ကိုက်ညီမှုရှိလျှင်ဖြစ်စေ၊ အစအဆုံး မဟုတ်ဘဲ အပိုင်းအစများရှိလျှင် ဖြစ်စေ ပေးပို့ရန် မေတ္တာရပ်ခံပါတယ်။ ပေးပို့ရာတွင်လည်း E-mail ? ဖြင့်သာ ပေးပို့စေလိုပါတယ်။ Email Address ?မှာ zinyaw.mgmg@gmail.com ဖြစ်ပါတယ်။ အားလုံးကို အထူးကျေးဇူးတင် ချစ်ခင်လေးစားလျှက် စင်ရော်မောင်မောင်၊ သား မင်းသန့်မောင်မောင်" ဆိုပြီးတော့လည်း ဆက်လက် ရေးသားခဲ့ပါတယ်။ 

Photo: Zin Yaw Mg Mg

မင်းသန့်မောင်မောင်ဟာ ၂၀၁၉ ခုနှစ် ဖေဖော်ဝါရီလ ၂၁ ရက်နေ့ က မြန်မာနိုင်ငံကို အပြီး ပြန်လည်ရောက်ရှိလာခဲ့တာဖြစ်ပြီး အနုပညာအလုပ်နဲ့ ပတ်သက်ပြီး အမေရိကန် နိုင်ငံ Los Angeles မြို့မှာရှိတဲ့ New York Film Academy မှာ ၃ နှစ်ကျော်အကြာ ပညာသင်ကြားခဲ့တာဖြစ်ပါတယ်။ New York Film Academy ကျောင်းကနေ Bachelor of Fine Arts ဘွဲ့ကိုလည်း ရရှိပိုင်ဆိုင်ခဲ့ပါသေးတယ်။ သူဟာ အနုပညာအလုပ်ကို ငယ်ငယ်လေးကတည်းက မိခင်ဖြစ်သူ မေသန်းနု နဲ့ အတူ ကြော်ငြာတွေရိုက်ရင်း ပရိသတ်ရင်ထဲကို ရောက်လာတဲ့ ကလေးသရုပ်ဆောင် တစ်ယောက်လည်း ဖြစ်ပါတယ်။ 

Photo: Zin Yaw Mg Mg

ဒါရိုက်တာ စင်ရော်မောင်မောင်က ၁၉၈၃ ခုနှစ်မှာ ထုတ်လုပ်ရေးမန်နေဂျာအဖြစ် အနုပညာလောကထဲကို စတင်ဝင်ရောက်ခဲ့ပြီး " မောင်" ဗီဒီယိုဇာတ်ကားနဲ့ နာမည်ကြီးလာသူ ဖြစ်ပါတယ်။ ဒါ့အပြင် စင်ရော်မောင်မောင် ပိုင်ဆိုင်တဲ့ စင်ရော်ထုတ်လုပ်ရေးကလည်း ၁၉၉၄ မှာ တပြည်သူမရွှေထား၊ ၂၀၀၄ မှာ လျှို့ဝှက်သောနှင်းနဲ့ ၂၀၀၉ ခုနှစ်မှာ ကြိုးကြာတောင်ပံခတ်သံတို့ဖြင့် ဇာတ်ကားဆု ၃ ဆု တို့ကို ဆွတ်ခူးနိုင်ခဲ့ပါတယ်။ ၂၀၁၇ ခုနှစ်မှာ "ထာဝရအမေ" ရုပ်ရှင်ဇာတ်ကားကြီးနဲ့ အကောင်းဆုံး ဒါရိုက်တာဆုကို ရရှိခဲ့ပါတယ်။




ဆက်စပ်အကြောင်းအရာများ

Share

Loading Next Article...
က္က