လက်နှစ်ဖက်မှာ ကွင်းထိုးဖိနပ်တစ်ရံစွပ် အကာအကွယ်လုပ်ပြီး တွားသွားသွားရသူပါ

အင်ဒိုနီးရှားမှ မူခလစ်အဗ္ဗဒူလ်ဟိုလစ်ခ်အမည်ရှိ တတိယတန်းကျောင်းသားလေးဟာ သာမန်လူတွေလိုမဟုတ်ဘဲ သူ့ရဲ့ မွေးရာပါ ကိုယ်လက်အင်္ဂါ ပုံမှန်မဟုတ်မှုကြောင့် လက်နှစ်ဖက်မှာ ကွင်းထိုးဖိနပ်တစ်ရံစွပ် အကာအကွယ်လုပ်ပြီး လေးဘက်ထောက်တွားသွားသလို ပုံစံမျိုးဖြင့် ခရီးလမ်းရှည်ကိုဖြတ်ကာ ကျောင်းတက်နေရတဲ့အဖြစ်က နိုင်ငံတစ်ဝှမ်း သိရှိရသူတွေအဖို့ သနားကရုဏာသက်ခဲ့ကြရပါတယ်။

(Photo: AFP/Cantigie Nur Ferdinand)



ကျောင်းသားလေး အဗ္ဗဒူလ်က သူ့ရဲ့ခြေထောက်မှာတော့ လည်ရှည် တောစီးဖိနပ်ကို စီးထားပါတယ်။ အသက် ၈ နှစ်သားလေးအတွက် ပုံမှန်မဟုတ်တဲ့ပုံစံဖြင့် စာသင်ကျောင်းသို့သွားရာ ခရီးလမ်းရှည်က တစ်ကယ့်ကို မလွယ်ကူလှပါဘူး။ အဗ္ဗဒူလ်ဟာ ကိုယ်လက်အင်္ဂါ ပုံမှန်မဟုတ်ဘဲ ခြေထောက်နှစ်ဖက်လုံး သေးကွေးနေရှာကာ မတ်တပ်ရပ်နေချိန်မှာပင် သူ့ရဲ့အတန်းဖော် သူငယ်ချင်းတွေနဲ့ယှဉ်ပါက ခါးပိုင်းလောက်အထိသာ အရပ်အမြင့်ရှိသူပါ။

(Photo: Caters News Agency)

ဒီလို အခြေအနေဖြစ်ပေမဲ့လည်း အဗ္ဗဒူလ်က အနောက်ဂျာဗားမှာရှိတဲ့ သူ့ရဲ့ကျေးရွာကနေ ကျောက်ဆောင်ကျောက်တုံးတွေ ပေါများလှတဲ့ လမ်းတွေနဲ့ သစ်သားတံတားအိုတစ်စင်းကို လက်နှစ်ဖက်ကို အဓိကအားပြုလျက် ကျောပိုးအိတ်လွယ် တွားသွားကာဖြတ်သန်းပြီး ကျောင်းတက်နေသူဖြစ်ပါတယ်။ အဗ္ဗဒူလ်တစ်ယောက် လက်နှစ်ဖက်ထောက်ပြီး သွားလာနေချိန်မှာ သူ့ရဲ့ သေးကွေးတဲ့ခြေထောက်မှာ စီးထားတဲ့ လည်ရှည်ဖိနပ်တွေက လေထဲလွင့်လို့နေပါတယ်။

(Photo: AFP/Cantigie Nur Ferdinand)

အဗ္ဗဒူလ်ရဲ့အကြောင်းဟာ လူဦးရေ သန်း ၂၆၀ ရှိတဲ့ အင်ဒိုနီးရှားနိုင်ငံတစ်ဝှမ်း ပျံ့နှံ့သွားခဲ့ပြီး သမ္မတဂျိုကိုဝီဒိုဒိုကိုယ်တိုင် သူနဲ့တွေ့ဆုံခဲ့ပါတယ်။ အဗ္ဗဒူလ်ရဲ့ စာသင်ကျောင်း အသွားအပြန်ခရီးဟာလည်း ၄ မိုင်နီးပါး (၃.၇ မိုင်ကျော်) အထိရှိရာ ဒီအဖြစ်ကို သိရှိရသူတွေအဖို့ အလွန်ပဲ သနားကရုဏာသက်စရာ ဖြစ်ခဲ့ပါတယ်။

"လမ်းက မတ်စောက်ပြီး မညီညာဘူး၊ ဒါပေမဲ့ အဗ္ဗဒူလ်က နေ့တိုင်း ဒီလိုပဲ လက်နဲ့ထောက်ပြီး တွားသွားသလိုမျိုး ကျောင်းကိုသွားနေတာပါပဲ" လို့ သူ့ရဲ့မိခင်က ပြောပါတယ်။


(Photo: Caters News Agency)

"ကျွန်မတို့ ပိုက်ဆံအဆင်ပြေရင်တော့ သူ့ကို မော်တော်ဆိုင်ကယ် တက္ကစီလေးနဲ့ ကျောင်းအပို့အကြို လုပ်ပေးနိုင်မှာပါ၊ ဒါပေမဲ့ အခြေအနေက ကျပ်တည်းတယ်လေ၊ သူလည်း ကျောင်းကို တွားသွားနေခဲ့ရတာပဲ၊ သူက နေပူပူ မိုးရွာရွာ ဘယ်တော့မှ မငြီးငြူရှာဘူး၊ ကျောင်းမှန်မှန်တက်ရှာပါတယ်" လို့လည်း မိခင်ဖြစ်သူက ဖွင့်ဟခဲ့ပါတယ်။

ကိုယ်လက်အင်္ဂါ ပုံမှန်မဟုတ်တဲ့ဘဝကို အရှုံးမပေးတဲ့ အဗ္ဗဒူလ်လေးဟာ ကုလသမဂ္ဂ အပြည်ပြည်ဆိုင်ရာ မသွန်းစွမ်သူများနေ့ဖြစ်တဲ့ ဒီဇင်ဘာ ၃ ရက်မှာ အင်ဒိုနီးရှားသမ္မတ ဂျိုကိုဝီနဲ့ တွေ့ဆုံခွင့်ရခဲ့ပါတယ်။

(Photo: AsiaWire/@Jokowi)

"ကျွန်တော်တို့ တွေ့ခဲ့ကြတုန်းက အဗ္ဗဒူလ်ကို ဘာလိုချင်လဲလို့ ကျွန်တော် မေးခဲ့ပါတယ်၊ ကျွန်တော်ထင်ခဲ့မိတာက သူ ကျွန်တော့်ဆီက လက်ဆောင်တစ်ခုခု လိုချင်ရှာမယ်လို့ပေါ့၊ ဒါပေမဲ့ သူက ဘာမှ မလိုချင်ခဲ့ဘူးဗျာ၊ သူ တက္ကသိုလ်တက်ချင်တယ်လို့ပဲ ပြောခဲ့တယ်လေ" လို့ သမ္မတဂျိုကိုဝီက သူ့ရဲ့ထုတ်ပြန်ချက်မှာ ပြောထားပါတယ်။



အဗ္ဗဒူလ်က သူ အားကျတဲ့ သမ္မတဂျိုကိုဝီနဲ့တွေ့ရလို့ အလွန်ပျော်တယ်လို့ ပြောခဲ့ပါတယ်။ ကိုယ်လက်အင်္ဂါ ပုံမှန်မဟုတ်ပေမဲ့ အနာဂတ်အစီအစဉ်တွေရှိတဲ့ အဗ္ဗဒူလ်ရဲ့ ရည်မှန်းချက်ကြီးမှုကို သမ္မတဂျိုကိုဝီတစ်ယောက် သိခွင့်ရသွားခဲ့ပါတယ်။ "ကျွန်တော် မီးသတ်သမားတစ်ယောက်၊ ဆရာဝန်တစ်ယောက်၊ အာသာယာဉ်မှူးတစ်ယောက် ဖြစ်ချင်ပါတယ်" လို့ အဗ္ဗဒူလ်က AFP သတင်းဌာနကို ပြောခဲ့ပါတယ်။


ဆက်စပ်အကြောင်းအရာများ

Share

Loading Next Article...
က္က