ဖီနာဘာချီရဲ့ လူငယ်ကြယ်ပွင့် အာဒါဂူလာကို ခေါ်ယူနိုင်ခဲ့အပြီးမှာ ဗင်နီရှပ်ဂျူနီယာကတော့ မဟာပြိုင်ဘက်ကြီး ဘာစီလိုနာကို ခနဲ့သွားခဲ့ပါတယ်။ အာဒါဂူလာအတွက် ဘာကာအားကစားဒါရိုက်တာ ဒေကိုကိုယ်တိုင် တူရကီကို သွားရောက်ပြီး ဆွေးနွေးခဲ့ပေမယ့် ကစားသမားက ရီးရဲလ်မက်ဒရစ်ကိုသာ ရွေးချယ်သွားခဲ့တာ ဖြစ်ပါတယ်။
ဒီနေ့မှာ အာဒါဂူလာကို ကစားသမားသစ်အဖြစ် ကြေညာကာ မိတ်ဆက်ပွဲပါ လုပ်သွားဖို့ ရီးရဲလ်က စီစဉ်ထားတယ်လို့လည်း သိရပါတယ်။ သူ့အတွက် ယူရိုသန်း ၂၀ နဲ့ အခြားသောခံစားခွင့်တွေ ပေးချေသွားမှာဖြစ်ပြီး ၆ နှစ်စာချုပ်ချုပ်ကာ စာချုပ်လျော်ကြေး ယူရို ၁ ဘီလီယံအထိ ရီးရဲလ်က ထည့်သွင်းသွားမှာလည်း ဖြစ်ပါတယ်။
အာဒါဂူလာကို ခေါ်ယူနိုင်ခဲ့ပြီလို့ ရီးရဲလ်မက်ဒရစ်က အတည်ပြုခဲ့ပြီးနောက်မှာ ဗင်နီရှပ်က "အကြီးမားဆုံံးတခုကို ရွေးချယ်ခဲ့တာပဲ" လို့ ရေးသား နှုတ်ဆက်ခဲ့တာဖြစ်ပါတယ်။ ဒါဟာ ဘာစီလိုနာထက် ရီးရဲလ်မက်ဒရစ်က ပိုမိုခမ်းနားကြီးကျယ်တယ်လို့ ဆိုလိုခဲ့တာဖြစ်ပြီး ပြိုင်ဘက်ကလည်း အလိုရှိတဲ့ ကစားသမားကို သူတို့ ခေါ်ယူနိုင်ခဲ့တာကို ဝံ့ကြွားခဲ့ပုံရပါတယ်။
ဘာစီလိုနာသတင်းတွေကိုဖော်ပြလေ့ရှိတဲ့ သတင်းဝက်ဘ်ဆိုက်တချို့က အာဒါကို သူတို့ခေါ်ယူနိုင်ခဲ့ကာ ၂၀၂၄ မှာ အသင်းကိုရောက်ရှိလာမယ်လို့ ဖော်ပြမှုတွေရှိခဲ့ပါတယ်။ ဒါပေမယ့် တကယ်တမ်းမှာတော့ ရီးရဲလ်မက်ဒရစ်က လက်ဦးမှုရသွားခဲ့ပြီး ဘာစီလိုနာတို့ အလဲထိုးခံခဲ့ရကာ ဗင်နီရှပ်ရဲ့ ခနဲ့မှုကိုပါ ရင်ဆိုင်လိုက်ရပါတယ်။