ဘာသာရေးအကြောင်းပြုပြီး အလှူခံကြတဲ့အဖွဲ့တွေအနေနဲ့ ရရှိတဲ့ ငွေကြေးကို မူးယစ်သောက်စားတာ၊ အပျော်အပါးကျုးလွန်တာတွေ့ရှိရင် တရားစွဲ အရေးယူသွားမယ်လို့ ရန်ကုန်တိုင်း လူမှုရေးဝန်ကြီး ဦးနိုင်ငံလင်းက ပြောပါတယ်။
ရန်ကုန်တိုင်းလူမှုရေးဝန်ကြီး ဦးနိုင်ငံလင်း (Photo- YRG)
ရန်ကုန်တိုင်းအတွင်းမှာ မြို့ကျော်၊နယ်ကျော် လှည့်လည်အလှူခံတာ ခွင့်ပြုထားခြင်းမရှိကြောင်း၊ ခွင့်ပြုချက်အတိုင်း လိုက်နာဆောင်ရွက်ခြင်းမရှိဘဲ ဗုဒ္ဓသာသနာတော်ကို အကြောင်းပြုပြီး အလှူခံစားနေသူတွေကို သက်ဆိုင်ရာ ရပ်ကွက်အုပ်ချုပ်ရေးမှူးတွေ၊ သံဃာ့အဖွဲ့အစည်းတွေက စိစစ်တွေ့ရှိရင် လိုအပ်ချက်ကြောင့် နယ်ကျော်အလှုခံတာဟုတ်မဟုတ်စစ်ဆေးမှာ ဖြစ်ပါတယ်။
ရန်ကုန်တိုင်းလွှတ်တော်အစည်းဝေးမှာ အင်းစိန်လွှတ်တော်ကိုုယ်စားလှယ် ဦးဝေဖြိုးဟန်ရဲ့ ရပ်ကွက်တွေမှာ မြို့ကျော်၊ နယ်ကျော်လှည့်လည် အလှူခံနေကြသူတွေကို ခွင့်ပြုချက်နှင့်အညီ ဆောင်ရွက်ခြင်း ရှိ၊မရှိ ခွင့်ပြုချက်မလိုက်နာတဲ့ အလှူခံနေသူတွေကို ဘယ်လိုအရေးယူနေလဲလို့ မေးမြန်းရာမှာဝန်ကြီးက ဖြေကြားခဲ့တာပါ။
Photo- YRG
လိုအပ်ချက်မရှိဘဲ မြို့ကျော်၊နယ်ကျော်ပြီးအလှူခံတာဆောင်ရွက်နေတာတွေ့ရှိရင် သက်ဆိုင်ရာ မြို့နယ်သံဃနာယက အဖွဲ့ရှေ့မှောက်မှာ ကျောင်းထိုင်ဆရာတော်ထံ ပြန်လည်အပ်နှံစေပြီး နောက်နောင် မပြုလုပ်တော့ကြောင်း ဝန်ခံကတိပြု လက်မှတ်ရေးထိုးခိုင်းမယ်လို့ ဝန်ကြီးဦးနိုင်ငံလင်းက ဆိုပါတယ်။
ဝန်ခံကတိပြုလုပ်ပြီး ထပ်မံကျုးလွန်ပါက အလှူခံဆောင်ရွက်နေတဲ့ အဖွဲ့မှာ ပါရှိတဲ့ ပစ္စည်းတွေ၊ ငွေကြေးတွေကို သက်ဆိုင်ရာနယ်မြေ၊မြို့နယ် သံဃနာယကအဖွဲ့က သိမ်းဆည်းတာမျိုးပြုလုပ်မယ်လို့ သိရပါတယ်။
ဘာသာရေးအကြောင်းပြုပြီး အလှူခံကြတဲ့အဖွဲ့တွေအနေနဲ့ ရရှိတဲ့ ငွေကြေးတွေကို မူးယစ်သောက်စားတာ၊ အခြား ပျော်ပါးမှုတွေ ကျူးလွန်ကြောင်း တွေ့ရှိရင် သက်ဆိုင်ရာမြို့နယ်က စည်းကမ်းထိန်းသိမ်းရေး သံဃာတော်များနှင့် ပူးးပေါင်းပြီး အရေးယူခြင်း၊ တရားစွဲဆိုခြင်းတို့ကို ပြုလုပ်ဆောင်ရွက်နေတယ်လို့ ဝန်ကြီး ဦးနိုင်ငံလင်းက ပြောခဲ့တာပါ။