ဖြူဖြူထွေးဟာ သူမကို အားပေးတဲ့ ပရိသတ်တွေအတွက် အကောင်းဆုံး ကြိုးစားပြချင်တယ်လို့ဆိုပါတယ်။ ဒါပေမယ့် ဇာတ်ကားထဲမှာ ဖြတ်လျှောက်အခန်းပါဖို့ ကမ်းလှမ်းခံခဲ့ရတဲ့အပေါ် ခံစားချက်တွေ ရင်ဖွင့်ပြောပြလာပါတယ်။
Photo: Phyu Phyu Htway
ဖြူဖြူထွေးက သူမရဲ့ အနုပညာနဲ့ ပတ်သက်ပြီး ရုပ်ရှင်ဇာတ်ကားကြီးတွေထဲမှာ ဖြတ်လျှောက်အခန်းက ပါဖို့ လာကမ်းလှမ်းကြတယ်လို့ဆိုပါတယ်။ သူမဟာ ပရိသတ်ရှိလာတဲ့သရုပ်ဆောင်တစ်ယောက်ဖြစ်လို့နေပါပြီ။ ဖြတ်လျှောက်နေရာအတွက် ကမ်းလှမ်းခံရတဲ့ အပေါ်မှာလည်း သူ့ရဲ့ ခံစားချက်တွေကို Duwun Media ကနေပြောပြခဲ့ပါတယ်။
‘’ သူတို့ သတ်မှတ်ထားတဲ့ ပုံစံထဲ မဝင်သေးလို့နေမှာပေါ့။ အဓိက ကတော့ ပြောရမယ်ဆိုရင် ဘောင်ထဲကို မဝင်သေးတာပေါ့နော်။ အဲဒီလောက်ပဲ အရည်အချင်းရှိလို့ အဲဒီလောက်ပဲ ခေါ်တာလည်း ဖြစ်ချင်ဖြစ်မှာပေါ့။ ဒါပေမယ့် သမီးကတော့ ဘာမှမဖြစ်ပါဘူး လူတိုင်းအပေါ် မေတ္တာပဲထားတယ်။ ရုပ်ရှင်ကားကြီးတွေ မရိုက်ရရ၊ ရိုက်ရရ၊ ကိုယ့်ဇာတ်လမ်းလေးနဲ့ကိုယ် ပရိသတ်တွေကို အမြဲတမ်းချပြနေရရင်ကို ကျေနပ်တယ်’’ လို့ဆိုပါတယ်။
Photo: Phyu Phyu Htway
ဒီလို ကမ်းလှမ်းမှုတွေကိုလည်း လက်မခံခဲ့ဘူးလို့ ဖြူဖြူထွေးက ပြောပါတယ်။ သရုပ်ဆောင် အလုပ်လုပ်နေရတာဖြစ်တဲ့အတွက် အရည်အချင်းပြည့်ဝဖို့ လေ့လာသင်ယူရဦးမယ်ဆိုပြီးတော့ Aroma Wedding Show ပွဲကို တက်ရောက်ရင်း ဖြေဆိုခဲ့တာပါ။
‘’ရုပ်ရှင်ကားကြီးတွေ ရိုက်ဖို့ လာငှားကြတာတော့ရှိတယ်။ ဒါပေမယ့် ဖြတ်လျှောက်တွေ၊ နှစ်ခန်း၊ သုံးခန်းတွေ၊ ဆယ်ခန်း၊ ငါးခန်းလောက်လေးတွေ အဲဒီလိုတွေတော့ လာငှားတယ်။ ဒါပေမယ့် သမီး အနေနဲ့က သူတို့လာငှားတဲ့အချိန်က ကိုယ်မအားတဲ့ အချိန်လည်း ဖြစ်နေတော့ လက်မခံဖြစ်သေးဘူး။ အဲဒီလို ရုပ်ရှင်ဇာတ်ကားကြီးတွေမှာလည်း ကိုယ်မပါချင်သေးဘူးပေါ့နော်။ ကိုယ်ကိုယ်တိုင် အပြင်မှာ ကြိုးစားရဦးမယ်၊ လေ့လာရဦးမှာဆိုတော့လေ’’လို့ သူကဆိုပါတယ်။
Photo: Phyu Phyu Htway
ဖြူဖြူထွေးဟာ အနုပညာလောကထဲမှာ သူမရဲ့ ဝါသနာတစ်ခုကို ချပြနေရရင် ကျေနပ်ပြီလို့ ဆိုပါတယ်။ အားပေးတဲ့ ပရိသတ်တွေအတွက် အကောင်းဆုံးကြိုးစားသွားမယ်လို့ ဆိုပါတယ်။
‘’ ပုံမှန်အားဖြင့် ဖြတ်လျှောက်လို့လာခေါ်တာထက်စာလို့ရှိရင် သမီး ဘယ်နေရာမှာ ပါချင်လဲ အဲဒီလိုလေးတွေ မေးပေါ့နော်။ တချို့တွေကျတော့ လာကတည်းက ဒီနေရာပဲ ပါရမယ်။ ဒီအခန်းလောက်ပဲ ဖြတ်လျှောက်၊ ဖြတ်လျှောက်ပြီးရင် ၂ ခန်း၊ ၃ ခန်း လိုက်လုပ်ပေးရမယ်ပေါ့။ အဲဒီလိုမျိုး အခန်းလေးတွေပဲ ပါရတာ အဓိက ကတော့ ကိုယ်က ဒီအနုပညာအလုပ်ကို ဝါသနာပါပြီးတော့၊ တကယ်ဖြစ်ချင်တယ် ဆိုပြီးတော့ ရုပ်ရှင်ရိုက်ရမှဆိုပြီးတော့ တက်လာတဲ့လူလည်း မဟုတ်ပါဘူး’’ လို့ ဆက်လက်ပြောပြခဲ့ပါတယ်။
Photo: Phyu Phyu Htway
ဟာသဗီဒီယိုဖိုင်တွေကြောင့် ပရိသတ်တွေရဲ့ အားပေးမှုတွေနဲ့အတူ ဝေဖန်မှုတွေလည်း ကြုံခဲ့ရတဲ့ဖြူဖြူထွေးဟာ ယခုဆိုရင်တော့ ဗီဒီယိုဇာတ်ကားတွေ ရိုက်ကူးနေရပြီ ဖြစ်ပါတယ်။ သူမဟာ ဝေဖန်မှုတွေကိုကြံ့ကြံ့ခံပြီး ကိုယ်ယုံကြည်ရာကို လျှောက်လှမ်းလာတဲ့သူ ဖြစ်တာကြောင့် သူ့ကို ချစ်ခင်တဲ့ ပရိသတ်တွေကိုလည်း ပိုင်ဆိုင်လာခဲ့ပြီ ဖြစ်ပါတယ်။ လက်ရှိမှာလည်း သူမရဲ့ ကြိုးစားအားထုတ်မှုက ရတဲ့ အနုပညာကြေးနဲ့ မိဘတွေကို တိုက်အိမ်ဆောက်ပေးနေပြီလို့ သိရပါတယ်။
Share