တိုင်းအစိုးရဦးဆောင်တဲ့ ဘာသာရေးအခမ်းအနားမှာ လူ ၁၀၀ ဝန်းကျင်အထိ ပူးပေါင်းခဲ့ပါတယ်။

ဗိုလ်တစ်ထောင်ဆိပ်ကမ်းမှာ ကျင်းပခဲ့တဲ့ ဘာသာရေးအခမ်းအနားမှာ လူစုလူဝေးဖြစ်စေခဲ့တဲ့အပေါ် ရန်ကုန်တိုင်းအစိုးရအဖွဲ့ဆီက ဖြေရှင်းချက်တောင်းထားပြိး ဒီဖြေရှင်းချက်အပေါ်မူတည်ကာ စီမံဆောင်ရွက်မှာဖြစ်တယ်လို့ နိုင်ငံတော်သမ္မတရုံးပြောရေးဆိုခွင့်ရှိသူ ဦးဇော်ဌေးက ပြောလိုက်ပါတယ်။

ဒီကနေ့ မေလ ၃၀ ရက်နေ့က Video Conferencing ကတစ်ဆင့် ပြုလုပ်ခဲ့တဲ့ နိုင်ငံတော်သမ္မတရုံးသတင်းစာရှင်းလင်းပွဲမှာ သတင်းမီဒီယာတွေကို ပြောကြားခဲ့တာပါ။

အဆိုပါ သတင်းစာရှင်းလင်းပွဲမှာ သတင်းထောက်တစ်ဦးက ရန်ကုန်တိုင်းအစိုးရက ဦးဆောင်ကျင်းပခဲ့တဲ့ ဒီဘာသာရေးပွဲအခမ်းအနားမှာ လူစုလူဝေးဖြစ်ခဲ့တဲ့အပေါ် ဗိုလ်တစ်ထောင်ရဲစခန်းမှာ အမှုဖွင့်ဖို့ ကြိုးစားခဲ့တဲ့သူတွေကို ရဲတပ်ဖွဲ့က သမ္မတရုံးခွင့်ပြုချက်လိုကြောင်း ပြောကြားခဲ့တာနဲ့ပတ်သက်ပြီး သမ္မတရုံးအနေနဲ့ ဘယ်လို ဆောင်ရွက်မလဲဆိုပြီး မေးခဲ့တာဖြစ်ပါတယ်။

သမ္မတရုံးပြောရေးဆိုခွင့်ရှိသူ ဦးဇော်ဌေးက “ ဒီကိစ္စနဲ့ပတ်သက်လို့ ရန်ကုန်တိုင်းဒေသကြီးအစိုးရက စောလျင်စွာ ဖြေရှင်းတင်ပြဖို့ ကျွန်တော်တို့ အကြောင်းထားပါတယ်။ ရန်ကုန်တိုင်းဒေသကြီးအစိုးရအနေနဲ့ ဖြေရှင်းတင်ပြဖို့ရှိပါတယ်။ ဒီဖြေရှင်းတင်ပြချက်အပေါ်မူတည်ပြီးလူကြီးတွေက စီမံဆောင်ရွက်မှာဖြစ်ပါတယ်။" လို့ ပြန်လည်ဖြေကြားခဲ့ပါတယ်။ ဖြေရှင်းချက်တောင်းဆိုရာမှာ အချိန်ကန့်သတ်ချက်ရှိမလားဆိုတဲ့မေးခွန်းကို Eleven Media က ထပ်မံမေးမြန်းခဲ့ရာမှာတော့ "စောလျင်စွာ ဆိုတာက စာရောက်ပြီး အမြန်ဆုံးလို့ အဓိပ္ပာယ်ရတယ်။ အဲဒီတော့ လာမယ့် တစ်ပတ်မှာ သိရမယ်လို့ မျှော်လင့်ပါတယ်။" လို့ ဦးဇော်ဌေးက ဆက်လက်ဖြေကြားခဲ့ပါတယ်။ မနေ့က မေလ ၂၉ ရက်မှာ COVID-19 ကာကွယ်ထိန်းချုပ်ကုသရေးအမျိုးသားအဆင့်ဗဟိုကော်မတီ အတွင်းရေးမှူးဖြစ်တဲ့ ကျန်းမာရေးနှင့်အားကစားဝန်ကြီးဌာန ဝန်ကြီးဒေါက်တာ မြင့်ထွေးကိုယ်တိုင် လက်မှတ်ရေးထိုးထားတဲ့ COVID-19 ရောဂါကူးစက်ရောဂါမပြန့်ပွားဖို့အတွက် ဘာသာရေးပွဲတွေ၊ ရိုးရာပွဲတွေရပ်ဆိုင်းထားဖို့ ၊ လူငါးဦးနဲ့အထက် ပိုမစုဖို့ ဆိုပြီး ညွန်ကြားချက်ထုတ်ပြန်ထားခဲ့တယ်လို့လည်း နိုင်ငံတော်သမ္မတရုံးပြောရေးဆိုခွင့်ရှိသူ ဦးဇော်ဌေးက ဆိုပါတယ်။

ပြီးခဲ့တဲ့မေလ ၂၄ ရက်က ရန်ကုန်တိုင်းအစိုးရအဖွဲ့ဦးဆောင်ပြီး ဗိုလ်တစ်ထောင်ဆိပ်ကမ်းမှာ ပြုလုပ်ခဲ့တဲ့ ရှင်ဥပဂုတ် ဖောင်တော်ရေချမင်္ဂလာနဲ့ အမတော် မြနန်းနွယ် နန်းဆောင်ယာယီပြောင်းရွေ့ပွဲကို ဝန်ကြီးချုပ် ဦးဖြိုးမင်းသိန်းနဲ့ တိုင်းအစိုးရအဖွဲ့ဝင် အယောက် (၃၀) ကျော်နဲ့ အလှူရှင်တွေ၊ ပြည်သူတွေ ပါဝင်လာကာ စုစုပေါင်း လူအယောက် (၁၀၀) ကျော်ဝန်းကျင်တက်ရောက်ခဲ့တယ်လို့သိရပါတယ်။

ဒီလိုလူစုလူဝေးဖြစ်သွားခဲ့တဲ့အပေါ် လူမှုကွန်ရက်ပေါ်မှာ ဝန်ကြီးချုပ်နဲ့ အစိုးရအဖွဲ့ဝင်တွေက ဥပဒေချိုးဖောက်တယ်ဟုဆိုကာ ဝေဖန်မှုတွေမြင့်တက်ခဲ့ပါတယ်။ ပြည်သူတွေရဲ့ဝေဖန်မှုနဲ့ပတ်သက်ပြီး လူမှုရေးဝန်ကြီး ဦးနိုင်ငံလင်းကိုမေလ ၂၅ရက်မှာ Duwun ကဆက်သွယ်မေးမြန်းခဲ့ဖူးပြီး မရည်ရွယ်ဘဲ လူစုလူဝေးဖြစ်ခဲ့တာဖြစ်ပြီး ဒီအတွက် ပြည်သူတွေကိုတောင်းပန်တယ်လို့ ပြန်လည်ဖြေကြားခဲ့ပါတယ်။ 

မေလ ၂၉ ရက်နေ့မှာ ရန်ကုန်တိုင်းဝန်ကြီးချုပ်နဲ့ အစိုးရအဖွဲ့ဝင်တွေကို ၂၀၁၃ ခုနှစ်သဘာဝဘေးအန္တရာယ်ဆိုင်ရာ စီမံခန့်ခွဲမှု ဥပေဒ ကျူးလွန်ဖောက်ဖျက်တယ်ဆိုပြီး ဦးစည်သူမြင့်ဆိုသူဦးဆောင်တဲ့ ပြည်သူအချို့က ဗိုလ်တစ်ထောင်ရဲစခန်းမှာ ပထမသတင်းပေးတိုင်ကြားချက် အမှုဖွင့်ထားခဲ့တာလည်းဖြစ်ပါတယ်။

Share

Loading Next Article...
က္က