အာဖဂန်နစ္စတန်အရှေ့ပိုင်းရှိ တာလီဘန်စစ်သွေးကြွအုပ်စု ထိန်းချုပ်ထားရာ နယ်မြေအတွင်း ၎င်းတို့ရဲ့ လေယာဥ်တစ်စီး ပျက်ကျခဲ့ကြောင်း အမေရိကန်စစ်တပ်က အတည်ပြု ပြောကြားပါတယ်။
(Photo: Pajhwok Afghan News)
ထိုလေယာဥ်ပျက်ကျမှုနဲ့ ပတ်သက်ပြီး အစောပိုင်းမှာ အချက်အလက်ကွဲပြားတဲ့ သတင်းများထွက်ပေါ်နေပြီး ပဟေဠိဆန်နေခဲ့တာလည်း ဖြစ်ပါတယ်။ အမေရိကန်စစ်တပ်က တာလီဘန်နယ်မြေအတွင်း လေယာဥ်ပျက်ကျမှုကို စုံစမ်းစစ်ဆေးနေကြောင်းလည်း ကနဦး ပြောကြားထားခဲ့ပြီး နောက်ပိုင်းမှာတော့ စစ်ဘက်လေယာဥ်ပျက်ကျခြင်းဖြစ်ကြောင်း အတည်ပြုခဲ့ပါတယ်။
ယနေ့ (ဇန်နဝါရီ ၂၇ ရက်) ဒေသစံတော်ချိန် မွန်းလွဲ ၁ နာရီ ၁၀ မိနစ်ဝန်းကျင်က အာဖဂန်အရှေ့ပိုင်း Dih Yak ဒေသမှာ လေယာဥ်ပျက်ကျခဲ့တာ ဖြစ်ပါတယ်။ တာလီဘန်အုပ်စုက ၎င်းတို့ ထိန်းချုပ်ရာနယ်မြေအတွင်း အမေရိကန်လေတပ် လေယာဥ်တစ်စီးကို ပစ်ချခဲ့ကြောင်းနဲ့ ထိုလေယာဥ်ပေါ်မှာ ရာထူးကြီးပုဂ္ဂိုလ်တွေ လိုက်ပါလာခဲ့ကြောင်း ပြောထားခဲ့ပါတယ်။
အမေရိကန် ပင်တဂွန်စစ်ဌာနချုပ်ကတော့ Bombardier E-11A စစ်ဘက်လေယာဥ်ကို တာလီဘန်တို့က ပစ်ချလိုက်ခြင်းမဟုတ်ကြောင်း ငြင်းဆိုထားပြီး လေယာဥ်ပေါ်မှာ လိုက်ပါသွားသူအရေအတွက် ၁၀ ဦးအောက်ဖြစ်တယ်လို့ ဆိုပါတယ်။ လေယာဥ်ပျက်ကျမှုအတွင်း လိုက်ပါသွားသူအားလုံး သေဆုံးခဲ့ကြောင်းလည်း သိရပါတယ်။
အစောပိုင်းမှာ အာဖဂန်တာဝန်ရှိသူတွေက အစိုးရပိုင် Ariana လေကြောင်းလိုင်းမှ Boeing အမျိုးအစား ခရီးသည်တင်လေယာဥ်တစ်စီး ပျက်ကျခဲ့ကြောင်း ပြောကြားတဲ့သတင်း ထွက်ပေါ်နေခဲ့ပါသေးတယ်။ သို့သော် လေကြောင်းလိုင်းက အဆိုပါသတင်းကို မဟုတ်မှန်ကြောင်း ငြင်းဆိုခဲ့ပြီး လေယာဥ်ပျက်ကျမှုဖြစ်ပွားချိန်မှာ ၎င်းတို့ရဲ့ လေယာဥ်နှစ်စီးသာ ပျံသန်းနေခဲ့ပြီး ထိုလေယာဥ်နှစ်စီးလုံး ဘေးအန္တရာယ်ကင်းကြောင်း ထုတ်ပြန်ခဲ့ပါတယ်။
(Photo: Pajhwok Afghan News)
"ပျက်ကျတဲ့လေယာဥ်က Ariana က မဟုတ်ပါဘူး၊ ဘာကြောင့် ပြောနိုင်တာလဲဆိုတော့ ဒီနေ့မှာ Ariana က Herat ကနေ ကဘူးလ်နဲ့ Herat ကနေ Delhi လေယာဥ်ခရီးစဥ်နှစ်ခု ပျံသန်းခဲ့ပြီး အဲဒီလေယာဥ်နှစ်စီးလုံး ဘေးအန္တရာယ်မဖြစ်ခဲ့ပါဘူး" လို့ လေကြောင်းလိုင်း အမှုဆောင်အရာရှိချုပ် Mirwais Mirzekwal က Reuters သတင်းဌာနကို ပြောပါတယ်။
အီရန်အစိုးရ ရုပ်မြင့်သံကြားသတင်းက ထုတ်လွှင့်ခဲ့တဲ့ အာဖဂန်ရှိ တာလီဘန်နယ်မြေအတွင်း လေယာဥ်ပျက်ကျမှုသတင်းမှာ ပြသထားမှုတွေအရလည်း လေယာဥ်အပျက်အစီးပေါ်မှာ အမေရိကန်လေတပ် အမှတ်တံဆိပ်ကို တွေ့ခဲ့ရပါတယ်။ အီရန်ရုပ်မြင်သံကြားက ထိုမှတ်တမ်းဟာ လေယာဥ်ပျက်ကျရာနေရာကို ရိုက်ကူးထားခြင်းဖြစ်တယ်လို့ ဆိုပါတယ်။ ဗီဒီယိုမှတ်တမ်းကို အာဖဂန်သတင်းထောက်တစ်ဦးက Twitter မှာ စတင်ဖြန့်ဝေခဲ့တယ်လို့ Daily Mail သတင်းက ဖော်ပြပါတယ်။
.