ဆန္ဒပြလူအုပ်စုနဲ့ လုံခြုံရေးတပ်ဖွဲ့များ ထိပ်တိုက်တွေ့ပြီး အကြမ်းဖက်အဓိကရုဏ်း ပေါ်ပေါက်ခဲ့ပါတယ်။

အာဖဂန်နစ္စတန်မှာ COVID-19 ကပ်ရောဂါ ကူးစက်ဖြစ်ပွားနေတဲ့ ကာလအတွင်း နိုင်ငံအနောက်ပိုင်းရှိ မြို့တစ်မြို့မှ စားနပ်ရိက္ခာအကူအညီ ပေးဝေနေစဥ် ဆန္ဒပြလူအုပ်စုနဲ့ လုံခြုံရေးတပ်ဖွဲ့များ ထိပ်တိုက်တွေ့ကြပြီး လူခြောက်ဦးထက်မနည်း သေဆုံးခဲ့ပါတယ်။

(Photo: cronicl.ng)

ကပ်ရောဂါဖြစ်ပွားနေစဥ် ဆင်းရဲသားတွေကို အကူအညီမပေးမှုနဲ့ ပတ်သက်ပြီး အာဖဂန်အနောက်ပိုင်း Ghor ပြည်နယ်မြို့တော် Firozkoh မြို့မှာ ဆန္ဒပြလူအုပ်စုက စုရုံးဆန္ဒပြခဲ့ရာမှ အကြမ်းဖက်မှုတွေ ပေါ်ပေါက်လာခဲ့တယ်လို့ ဆိုပါတယ်။ လူအုပ်စုအတွင်းရှိ သေနတ်ကိုင်ဆောင်ထားသူတွေက အစိုးရရုံးတစ်ရုံးကို တိုက်ခိုက်ခဲ့ကြရာ လုံခြုံရေးတပ်ဖွဲ့က ပစ်ခတ်ခဲ့ကြောင်း ပြည်ထဲရေးဝန်ကြီးဌာနက ပြောပါတယ်။



ယခုဖြစ်ရပ်အတွင်း ရဲတပ်ဖွဲ့ဝင်နှစ်ဦးနဲ့ အရပ်သားလေးဦး သေဆုံးခဲ့ကြောင်း သိရပါတယ်။ သေဆုံးခဲ့တဲ့ အရပ်သားတွေအနက် ဒေသခံ စေတနာ့ဝန်ထမ်း ရေဒီယိုအစီအစဥ် တင်ဆက်သူ Ahmadkhan Nawid လည်း ပါဝင်ခဲ့ကြောင်း Afghanistan Journalists' Centre က ပြောပါတယ်။ ထိပ်တိုက်တွေ့ အဓိကရုဏ်းအတွင်း အရပ်သားကိုးဦးနဲ့ ရဲတပ်ဖွဲ့ဝင် ၁၀ ဦးလည်း ဒဏ်ရာရခဲ့ကြောင်း ပြည်ထဲရေးက ထုတ်ပြန်ထားပါတယ်။

(Photo: Reuters)

ယခုဖြစ်ရပ်နဲ့ပတ်သက်ပြီး လုံခြုံရေးတပ်ဖွဲ့က မလိုအပ်ဘဲ အင်အားအလွန်အကျွံသုံးခဲ့ခြင်းကြောင့် အရပ်သားများ သေဆုံးခဲ့ရကြောင်းနဲ့ လွတ်လပ်ပြီး ထိရောက်တဲ့ စုံစမ်းစစ်ဆေးမှုပြုလုပ်ရန် Amnest International လူ့အခွင့်အရေးအုပ်စုက တောင်းဆိုလိုက်ပါတယ်။ အာဖဂန် ဒုသမ္မတ Amrullah Saleh က အဆိုပါဖြစ်ရပ်ဟာ ဆိုးရွားကြောင်းနဲ့ အစိုးရအနေနဲ့ အလေးအနက် စုံစမ်းစစ်ဆေးသွားမယ်လို့ Facebook မှာ ရေးသားထားပါတယ်။

COVID-19 ကူးစက်မှုထိန်းချုပ်ရေး ကန့်သတ်မှုတွေကြောင့် နောက်ထပ် ဆင်းရဲမွဲတေမှု တွေ့ကြုံနေရသူတွေကို အကူအညီများ ပေးဝေးနေရာ အားလုံးအတွက် အစားအစာရရှိမယ်လို့လည်း ဒုသမ္မတကဆိုပါတယ်။ "ကိုရိုနာဗိုင်းရပ်စ်ကြောင့် စီးပွားရေးအရ ထိခိုက်မှုကြုံရတဲ့ ဒီနိုင်ငံမှာ နေထိုင်သူတစ်ဦးချင်းစီတိုင်းကို ကျွန်တော်တို့ အစားအစာ အကူအညီပေးသွားမှာပါ" လို့ ၎င်းက ဖြည့်စွက်ပြောခဲ့ပါတယ်။

(Map: BBC)

Afghanistan Independent Human Rights Commissio ရဲ့ ဥက္ကဌ Shaharzad Akbar ကတော့ ပြီးခဲ့တဲ့ သီတင်းပတ်အတွင်း အစားအစာ ပေးဝေရာမှာ မျှတမှုမရှိကြောင်း ပြောဆိုမှုတွေ ကြားသိခဲ့ရတယ်လို့ Reuters သတင်းဌာနကို ပြောခဲ့ပါတယ်။ ဒေသဆိုင်ရာ အာဏာပိုင်တွေ သို့မဟုတ် အစိုးရတာဝန်ရှိသူတွေနဲ့ အဆက်အသွယ်ရှိသူတွေကို အစားအစာ ပေးဝေရာမှာ ဦးစားပေးမှုတွေရှိခဲ့တယ်လို့ သူမက ဆိုပါတယ်။ ယနေ့ (မေ ၉ ရက်) ညပိုင်းအထိ COVID-19 ကူးစက်ခံရသူ ၄,၀၃၃ ဦးနဲ့ ၁၁၅ ဦး သေဆုံးခဲ့ကြောင်း သိရပါတယ်။


ဆက်စပ်အကြောင်းအရာများ

Share

Loading Next Article...
က္က