အာဖဂန်နစ္စတန်နိုင်ငံမြောက်ပိုင်း ပါဝမ်ပြည်နယ် (Parwan) မှာ ရုတ်တရက် ရေကြီးမှုအတွင်း လူ ၁၂၂ ဦးထက်မနည်း သေဆုံးပြီး အများအပြား ပျောက်ဆုံးနေကြောင်း သိရပါတယ်။
(Photo: Obaidullah Azadmansh/Reuters)
ယနေ့ (ဩဂုတ် ၂၆ ရက်) မနက်အစောပိုင်းက Charikar မြို့မှာ မြို့ခံများ အိပ်ပျော်နေစဥ် ရေကြီးခဲ့တာဖြစ်ပါတယ်။ သေဆုံးသူအများအပြားဟာ အမျိုးသမီးများနဲ့ ကလေးများဖြစ်တယ်လို့ ပြည်နယ်ဆိုင်ရာ ပြောခွင့်ရအမျိုးသမီး Waheed Shakar က ပြောခဲ့ပါတယ်။ ရေကြီးမှုကြောင့် သေဆုံးသူအရေအတွက် ဆက်လက် မြင့်တက်လာနိုင်ကြောင်းနဲ့ အနည်းဆုံး လူ ၂,၅၀၀ ဒဏ်ရာရခဲ့ကြောင်း သိရပါတယ်။
"ရေကြီးမှုကြောင့် သေဆုံးသူ ရာနဲ့ချီ ရှိလာနိုင်ပါတယ်" လို့ ပါဝမ်ပြည်နယ် အုပ်ချုပ်ရေးမှူး Fazludin Ayar က ဒေသခံ သတင်းထောက်တွေကို အစောပိုင်းမှာကတည်းက ပြောထားပါတယ်။ သတင်းဓာတ်ပုံတွေအရ Charikar မြို့ရှိ ရေကြီးမှုဖြစ်ခဲ့တဲ့ နေရာမှာ ကယ်ဆယ်ရေးသမားတွေက အုတ်ကျိုးအုတ်ပဲ့တွေထဲမှာ ရှာဖွေနေကြပြီး လမ်းမများ ရွှံ့နွံဖုံးလွှမ်းနေခဲ့ပါတယ်။
(Photo: Reuters)
အခြား ဓာတ်ပုံတွေမှာတော့ လူတွေက အုတ်ကျိုးအုတ်ပဲ့ အပျက်အစီးတွေထဲမှာ ၎င်းတို့ရဲ့ ပစ္စည်းတွေကို ရှာဖွေနေကြတာလည်း တွေ့ရပါတယ်။ "အနည်းဆုံး လူ ၆၈ ဦး သေဆုံးပြီး လူ ၉၀ ဒဏ်ရာရခဲ့တယ်၊ သေဆုံးသူဦးရေက မြင့်တက်လာနိုင်တယ်၊ အုတ်ကျိုးအုတ်ပဲ့ အပျက်အစီးတွေအောက်မှာ လူတွေ ပိတ်မိနေပြီး ကယ်ဆယ်ရေးလုပ်နေတုန်းပါပဲ" လို့ ပြောခွင့်ရအမျိုးသမီး Waheed Shakar က Al Jazeera သတင်းဌာနကို ကနဦး ပြောထားခဲ့ပါတယ်။ Charikar မြို့မှာ ညလုံးပေါက် မိုးသည်းထန်ခဲ့ပြီးနောက် ရုတ်တရက် ရေကြီးမှုဖြစ်ပေါ်ခဲ့ကြောင်း ဘေးအန္တရာယ်ဆိုင်ရာ ဝန်ကြီးဌာနက ထုတ်ပြန်ပါတယ်။
(Photo: Reuters)
"ရေကြီးမှုကြောင့် နေအိမ် ၅၀ ကျော် လုံးဝ ပျက်စီးသွားခဲ့တယ်၊ လူတွေ ဘယ်လောက်သေတယ်ဆိုတာ မသိဘူး၊ ဒါပေမဲ့ လူအများစုက အိမ်အပျက်အစီးအောက် ရောက်သွားခဲ့ကြတယ်၊ ရုတ်တရက် ရေကြီးမှုဖြစ်ချိန်က မနက်အစောကြီးပဲရှိသေးတော့ လူအများစုက အိပ်ပျော်နေကြတယ်လေ၊ ကယ်ဆယ်ရေးအဖွဲ့က အလောင်းတွေနဲ့ ဒဏ်ရာရသူတွေကို အပျက်အစီးအောက်ကနေ ထုတ်နိုင်ဖို့ လုပ်နေကြတယ်" လို့ ပါဝမ်ပြည်နယ်ရှိ Shahrak-Malimin ကျေးရွာမှ Ahmad Jan က Al Jazeera ကို အစောပိုင်းမှာ ပြောပါတယ်။
(Photo: AFP)
ရေကြီးမှုကြောင့် အာဖဂန် အရှေ့ပိုင်းနဲ့ မြောက်ပိုင်း ပြည်နယ်တွေကို ဆက်သွယ်ထားတဲ့ အဝေးပြေးလမ်းမများ ပိတ်ဆိုသွားခဲ့ကြောင်းလည်း သိရပါတယ်။ ရေကြီးမှုအတွင်း နေအိမ် ၁,၅၀၀ ထက်မနည်း ပျက်စီးမှုဖြစ်ပေါ်ခဲ့ပြီး လူ ၁,၀၀၀ ကျော် ရွှေ့ပြောင်းခဲ့ရတယ်လို့ ဘေးအန္တရာယ်ဆိုင်ရာ ဝန်ကြီးဌာနမှ ပြောခွင့်ရပုဂ္ဂိုလ် Ahmad Tameem Azimi က ပြောပါတယ်။ ယခုလအစောပိုင်းကလည်း အာဖဂန်အရှေ့ပိုင်း နန်ဂါဟာပြည်နယ် (Nangarhar) ရှိ ကျေးရွာတစ်ရွာမှာ ရေကြီးမှုဖြစ်ခဲ့ရာ ကလေး ၁၅ ဦး အပါအဝင် လူ ၁၆ ဦး သေဆုံးပြီး နေအိမ်အလုံးရေ ဒါဇင်နဲ့ချီ ပျက်စီးခဲ့ကြောင်း သိရပါတယ်။
.