မော်ရိုကိုကို အရေးနိမ့်ပြီး ကမ္ဘာ့ဖလားမှာ ကွာတားဖိုင်နယ်ကနေ ပေါ်တူဂီတို့ ထွက်ခဲ့ရပြီးနောက် ဝါရင့်နောက်ခံလူကြီးပီပီက ချန်ပီယံဖြစ်မယ့်အသင်းက အာဂျင်တီးနားဆိုတာကို သူ လောင်းကြေးထပ်ဝံ့တယ်လို့ ပြောဆိုလိုက်ပါတယ်။ သူတို့ကစားခဲ့တဲ့ပွဲစဉ်မှာ အာဂျင်တီးနားဒိုင်လူကြီးကို တာဝန်ပေးခဲ့တဲ့အပေါ် ပီပီက မေးခွန်းထုတ်ခဲ့တာဖြစ်ပြီး အာဂျင်တီးနားကို ချန်ပီယံဖြစ်စေဖို့ ကြံစည်မှုလားလို့ပါ သွယ်ဝိုက်ပြောဆိုခဲ့တာပါ။
ပေါ်တူဂီ-မော်ရိုကိုပွဲစဉ်မှာ အနိုင်ရတဲ့အသင်းက အာဂျင်တီးနားနဲ့ ဆီမီးဖိုင်နယ်မှာ ရင်ဆိုင်ရမှာဖြစ်ပါတယ်။ အာဂျင်တီးနားအတွက်တော့ ယေဘုယျအားဖြင့် ပေါ်တူဂီထက်စာရင် မော်ရိုကိုနဲ့သာ ရင်ဆိုင်ချင်မှာဖြစ်ပြီး ဒီလိုအနေအထားမှာ အာဂျင်တီးနားကွင်းလယ်ိဒုင်ကို တာဝန်ပေးခဲ့တာက ပီပီအတွက်တော့ ဒေါသထွက်စရာဖြစ်လာခဲ့ရပါတယ်။
"အာဂျင်တီးနားဒိုင်တယောက်ကို ကျနော်တို့ပွဲကို တာဝန်ပေးတာက လက်ခံနိုင်စရာမရှိပါဘူး၊ မနေ့က အာဂျင်တီးနားပွဲမှာ ဘာတွေဖြစ်ခဲ့လဲ၊ မက်ဆီနဲ့ ဒိုင်လူကြီး စကားတွေပြောနေခဲ့ကြတယ်၊ ပြီးတော့ အာဂျင်တိးနားဒိုင်လူကြီးက ဝီစီမှုတ်ဖို့အတွက် ဒီပွဲကို ရောက်လာခဲ့တယ်၊ သူက ဒီကို အေးအေးဆေးဆေးလာတယ်လို့ ပြောတာမဟုတ်ဘူး၊ ဒါပေမယ့် ဒုတိယပိုင်းမှာ ကျနော်တို့ ဘယ်လိုကစားခဲ့လဲ၊ ဒုတိယပိုင်းမှာ ကျနော်တို့ ကောင်းကောင်းကစားခွင့်မရခဲ့ပါဘူး"
မော်ရိုကိုဂိုးသမားက မြေကြီးပေါ်မှာချည်းပဲ၊ ပြီးတော့ နာကျင်အချိန်ပိုကို ၈ မိနစ်ပဲပေးခဲ့တယ်၊ ဒုတိယပိုင်းမှာ ကျနော်တို့ ဘယ်လိုမှ ကစားလို့မရခဲ့ဘူး၊ ဘောလုံးကစားတဲ့ တခုတည်းသောအသင်းက ကျနော်တို့ပါ၊ စိတ်တော့မကောင်းဘူး၊ ကမ္ဘာ့ဖလားကို ဆွတ်ခူးဖို့ ကျနော်တို့မှာ အရည်အသွေးရှိပေမယ့် မစွမ်းဆောင်နိုင်ခဲ့ပါဘူး" လို့ ပီပီက ဆိုပါတယ်။
နာကျင်အချိန်ပို ၈ မိနစ်သာ ပေးခဲ့တာကိုလည်း ပီပီက မေးခွန်းထုတ်ခဲ့ပြီး "အာဂျင်တီးနား ချန်ပီယံဖြစ်လိမ့်မယ်ဆိုတာကို ကျနော်လောင်းရဲတယ်" လို့ သူက ထပ်ပြောခဲ့ပါတယ်။ ပီပီရဲ့ အသင်းဖော် ကွင်းလယ်လူ ဘရူနိုဖာနန်ဒက်စ်ကလည်း "ပြိုင်ပွဲမှာ ကျန်နေသေးတဲ့ နိုင်ငံတခုက ဒိုင်လူကြီးကို ကျနော်တို့ပွဲကို တာဝန်ပေးတာ အရမ်းထူးဆန်းပါတယ်" လို့ ပြောခဲ့ပါသေးတယ်။
ပေါ်တူဂီဟာ အခွင့်အရေးအနည်းငယ်ရပေမယ့် အသုံးမချနိုင်ခဲ့သလို မော်ရိုကိုခံစစ်ကို ထိုးဖောက်နိုင်ဖို့လည်း ခက်ခက်ခဲခဲကြိုးစားခဲ့ရပါတယ်။ မော်ရိုကိုကတော့ ပထမပိုင်းမှာ ရရှိခဲ့တဲ့ အနိုင်ဂိုးကို ထိန်းကစားနိုင်ခဲ့ပြီး ပေါ်တူဂီကို ကောင်းမွန်တဲ့ကစားဟန်နဲ့ တုံ့ပြန်နိုင်ခဲ့ကာ ထိုက်တန်တဲ့ နိုင်ပွဲရရှိခဲ့ပြီး ကမ္ဘာ့ဖလားဆီမီးဖိုင်နယ်ကို ပထမဆုံးတက်ရောက်နိုင်တဲ့ အာဖရိကအသင်းဖြစ်လာခဲ့ပါတယ်။