အာဂျင်တီးနားတို့ အုပ်စုကတက်ဖို့ကို ရုန်းကန်ရပါတော့မယ်။

ဗိုလ်စွဲဖို့ ရေပန်းအစားဆုံးထဲက တသင်းဖြစ်တဲ့ အာဂျင်တီးနားကတော့ အဖွင့်ပွဲမှာတင် ဘုရား၊ တရားတလိုက်ရပါပြီ။ ဆော်ဒီရဲ့ ထင်မှတ်မထားတဲ့ ခြေစွမ်းပြမှုနဲ့ အာဂျင်တီးနားတို့ ခက်ခက်ခဲခဲရုန်းကန်ခဲ့ပြီး ပရိသတ်တွေလည်း မှန်းချက်နဲ့ နှမ်းထွက်မကိုက်ဖြစ်ခဲ့ရကာ အားလုံးကို အံ့အားသင့်စေခဲ့ရပါတယ်။ 

အာဂျင်တီးနားအတွက် ပွဲချိန်အစောပိုင်းမှာပဲ မက်ဆီက ပင်နယ်တီကနေ ဦးဆောင်ဂိုးသွင်းယူပေးခဲ့လို့ ဂိုးပြတ်နိုင်ပွဲရတော့မယ်လို့ ထင်ခဲ့ရတာပါ။ တကယ်လည်း နောက်ထပ် ၃ ဂိုးအထိ အာဂျင်တီးနားတို့ ထပ်သွင်းခဲ့ပေမယ့် လူကျွံဘောတွေချည်းပဲဖြစ်ခဲ့ကာ ဂိုးထပ်မရဖြစ်ခဲ့ပြီး ပထမပိုင်းကို ၁-၀ နဲ့ပဲ ဦးဆောင်နေခဲ့ပါတယ်။ 

ဒုတိယပိုင်းစပြီး သိပ်မကြာခင်မှာတော့ ဆော်ဒီက ချေပဂိုးသွင်းပြီး အာဂျင်တီးနားကို ဖိအားပေးလိုက်ပါတယ်။ ချေပဂိုးရပြီး သိပ်မကြာခင်မှာပဲ နောက်ထပ်ဦးဆောင်ဂိုးကို ဆော်ဒီက ထပ်သွင်းခဲ့ပြီး အာဂျင်တီးနားကို ချောက်ကမ်းပါးစွန်းဆီ ပို့လိုက်ပါတယ်။ ချေပဂိုးပြန်ရဖို့အတွက် အာဂျင်တီးနားတို့ ကစားသမားအပြောင်းအလဲတွေပြုလုပ်ပြီး တိုက်စစ်ဆင်ကစားခဲ့ပေမယ့် သူတို့ရဲ့ ပုံမှန်ခြေစွမ်းကို ပြန်ရဖို့တော့ မလွယ်ကူခဲ့ပါဘူး။ 

ဆော်ဒီက ဦးဆောင်ဂိုးရပြီးတဲ့နောက်မှာ ခံစစ်ကို ပိုအားပြုခဲ့သလို အမှားမရှိအောင်လည်းကစားခဲ့လို့ မက်ဆီကိုယ်တိုင်လည်း ရုန်းကန်ခဲ့ရပါတယ်။ တချက်တချက် ဆော်ဒီရဲ့ တိုက်စစ်ဆင်မှုကတောင် သူတို့ကို ပြန်ခြိမ်းခြောက်နိုင်ခဲ့ပြီး အာဂျင်တီးနားပုံစံက ဗိုလ်စွဲမယ့်အသင်းတသင်းရဲ့ အနေအထားမှာ မရှိတာကိုပါ တွေ့ခဲ့ရပါတယ်။ 

၃၆ ပွဲဆက်တိုက်ရှုံးပွဲမရှိစံချိန်နဲ့ ကာတာကို ရောက်လာခဲ့တဲ့ အာဂျင်တီးနားဟာ ဆော်ဒီလို အာရှအသင်းနဲ့အတွေ့မှာမှ စံချိန်ကျိုးပျက်ခဲ့ရပါတယ်။ ဗိုလ်စွဲဖို့ ရေပန်းစားနေပြီး ပရိသတ်တွေရဲ့ မျှော်လင့်ချက်ကြီးကြီးမားမားထားခံရတဲ့ အာဂျင်တီးနားတို့ အဖွင့်ပွဲမှာ ကောင်းကောင်းကြီး ပညာပေးခံခဲ့ရပြီး အုပ်စုအဆင့်က တက်ဖို့တောင် ရုန်းကန်ရတော့မှာဖြစ်ပါတယ်။ 


Share

Loading Next Article...
က္က