အာဂျင်တီးနားလက်ရွေးစင်အသင်းခေါင်းဆောင် မက်ဆီဟာ (၂၀၂၂) ကာတာကမ္ဘာ့ဖလားပြိုင်ပွဲမတိုင်ခင် ကစားမယ့် ပီအက်စ်ဂျီရဲ့ နောက်ဆုံးပွဲကို လွဲချော်ခွင့်ပေးဖို့ တောင်းဆိုသွားဖွယ်ရှိကြောင်း သိရှိရပါတယ်။ အာဂျင်တီးနားဟာ ကမ္ဘာ့ဖလားအုပ်စုအဖွင့်ပွဲအဖြစ် ဆော်ဒီအာရေဗျနဲ့ လာမယ့် နိုဝင်ဘာ (၂၂) ရက်နေ့မှာ ရင်ဆိုင်ကစားရမှာဖြစ်ပါတယ်။
ဒီပွဲမတိုင်ခင် ပီအက်စ်ဂျီက နိုဝင်ဘာ (၁၃) ရက်နေ့မှာ ပြင်သစ်လီဂူးပွဲစဥ်အဖြစ် အော်ဇေးနဲ့ ရင်ဆိုင်ကစားရမှာပါ။ သတင်းတွေရဲ့ဖော်ပြချက်အရ အသက် (၃၅) နှစ်အရွယ် မက်ဆီဟာ မလိုလားအပ်တဲ့ ဒဏ်ရာနဲ့ ကြံ့ခိုင်မှုပြဿနာတွေ မဖြစ်ပေါ်လာဖို့အတွက် အော်ဇေးနဲ့ပွဲကို ဝင်မကစားဘဲ အနားတောင်းဖွယ်ရှိကြောင်း သိရှိရပါတယ်။ ဒီအတွက်လည်း အခက်အခဲတစုံတရာမရှိနိုင်ပါဘူး။
မက်ဆီနဲ့ လက်ရှိပီအက်စ်ဂျီနည်းပြ ဂဲလ်တီယာတို့အကြား ကောင်းမွန်တဲ့ ဆက်ဆံရေးရှိနေပြီး ဂဲလ်တီယာအနေနဲ့လည်း မက်ဆီကို အော်ဇေးနဲ့ပွဲမှာ ထည့်မသုံးဘဲ အနားပေးသွားဖွယ်ရှိပါတယ်။ ပီအက်စ်ဂျီနဲ့အော်ဇေးတို့ဟာ အဆင့်အတန်းချင်း တော်တော်လေး ကွာခြားတဲ့အသင်းတွေဖြစ်ကြပြီး ပီအက်စ်ဂျီအတွက် မက်ဆီမပါဘဲနဲ့လည်း အော်ဇေးကို အနိုင်ယူဖို့ မခက်ခဲနိုင်ပါဘူး။
ဒါ့အပြင် မက်ဆီတယောက် ပီအက်စ်ဂျီနဲ့ စာချုပ်ချုပ်ဆိုခဲ့တုန်းကလည်း သူ့ရဲ့ စာချုပ်မှာ နိုင်ငံလက်ရွေးစင်အသင်းနဲ့ ပတ်သက်လို့ အထူးချုပ်ဆိုထားတဲ့ အချက်တွေလည်း ပါဝင်ပါတယ်။ မက်ဆီအနေနဲ့ ကလပ်နဲ့နိုင်ငံပွဲစဥ်တွေအကြား ဗျာများစရာတွေဖြစ်လာခဲ့ရင် ကလပ်ထက် နိုင်ငံလက်ရွေးစင်ကို ပိုမိုဦးစားပေးခွင့်ရရှိဖို့ သဘောတူညီခဲ့ဟန်ရှိပါတယ်။ ဒါ့အပြင် လာမယ့်ကမ္ဘာ့ဖလားက မက်ဆီအတွက် နောက်ဆုံးသောကမ္ဘာ့ဖလားဖြစ်လာမှာပါ။
အဲ့ဒါကြောင့် ပီအက်စ်ဂျီဘက်ကလည်း မက်ဆီနဲ့ပတ်သက်လာရင် လိုက်လျောပေးသွားဖို့ သေချာသလောက်ရှိနေပါတယ်။ ပီအက်စ်ဂျီအနေနဲ့ ကမ္ဘာ့ဖလားမတိုင်ခင် ပြိုင်ပွဲ (၃) ပွဲ ကစားဖို့ ကျန်ရှိနေပါသေးတယ်။ မက်ဆီဟာ ပြီးခဲ့တဲ့နှစ်မှာ အာဂျင်တီးနားနဲ့အတူ ကိုပါအမေရိကဖလားကို ဆွတ်ခူးနိုင်ခဲ့ပြီး ဒီနှစ်မှာတော့ ကမ္ဘာ့ဖလားကို ဆွတ်ခူးနိုင်ဖို့ ပစ်မှတ်ထားလျက်ရှိပါတယ်။