မက်ဆီအပြင် အာဂျင်တီးနားကစားသမားတွေလည်း ခြေစစ်ပွဲအောင်မှန်း မသိခဲ့ပါဘူး။

အာဂျင်တီးနားအသင်းခေါင်းဆောင် မက်ဆီဟာ မနေ့က မနက်အစောပိုင်းမှာ ကစားခဲ့တဲ့ ဘရာဇီးနဲ့ ဂိုးမရှိသရေပွဲအပြီးမှာ သူ့အသင်း ကမ္ဘာ့ဖလားခြေစစ်ပွဲ အောင်မြင်ခဲ့ပြီဆိုတာကို မသိရှိခဲ့ဘူးလို့ သတင်းတွေက ဖော်ပြခဲ့ပါတယ်။ အာဂျင်တီးနားဟာ တောင်အမေရိကဇုန်မှာ ဘရာဇီးပြီးနောက် ဒုတိယမြောက် တိုက်ရိုက်ခြေစစ်ပွဲအောင်တဲ့အသင်းဖြစ်လာခဲ့တာပါ။



ဘရာဇီးနဲ့အာဂျင်တီးနားတို့ ထိပ်တိုက်မတွေ့ခင်တည်းက ဘရာဇီးက ကမ္ဘာ့ဖလားခြေစစ်ပွဲကို အောင်မြင်ခဲ့ပြီးဖြစ်ပါတယ်။ အာဂျင်တီးနားအနေနဲ့ အခုလိုမျိုး (၂၀၂၂) ကာတာကမ္ဘာ့ဖလားကို တိုက်ရိုက်ခြေစစ်ပွဲအောင်မြင်ခဲ့ပြီဖြစ်တာကြောင့် မက်ဆီအနေနဲ့လည်း သူ့ရဲ့ ကစားသမားဘဝအတွက် (၅) ကြိမ်မြောက် ကမ္ဘာ့ဖလားကို ယှဥ်ပြိုင်ကစားခွင့်ရရှိတော့မှာပါ။

ဘရာဇီးနဲ့အာဂျင်တီးနားတို့ အခု ထိပ်တိုက်တွေ့ခဲ့တဲ့ပွဲက တော်တော်လေးကို ခက်ခဲကြမ်းတမ်းခဲ့ပြီး ပြစ်ဒဏ်ဘောပေါင်း (၄၁) ကြိမ်နဲ့ နှစ်သင်းပေါင်း အဝါကတ် (၇) ကတ်အထိ မြင်တွေ့ခဲ့ရပါတယ်။ ဒေသတွင်းမှာ အင်အားအကြီးမားဆုံးပြိုင်ဘက်တွေဖြစ်တာကြောင့်လည်း ပြိုင်ဆိုင်မှုအထူးပြင်းထန်ခဲ့တာပါ။

ဒီပွဲမှာ မက်ဆီအနေနဲ့လည်း ခြေစွမ်းပြနိုင်ဖို့ ရုန်းကန်ခဲ့ရပြီး ဂိုးမရှိသရေနဲ့ ပွဲပြီးဆုံးချိန်မှာလည်း အာဂျင်တီးနား တိုက်ရိုက်ခြေစစ်ပွဲအောင်ပြီဆိုတာကို မသိရှိခဲ့ပါဘူး။ ဒါ့အပြင် မက်ဆီတင် မဟုတ်ဘဲ အခြားအာဂျင်တီးနား ကစားသမားတွေလည်း ခြေစစ်ပွဲအောင်သွားပြီဆိုတာကို မသိရှိခဲ့ဘူးလို့ဆိုပါတယ်။

အခြားပွဲစဥ်တွေအနေနဲ့ ကစားခဲ့တဲ့ပွဲမှာ ဥရုဂွေးက ဘိုလစ်ဗီးယားကို ၃-၀ ဂိုးနဲ့ အံ့အားသင့်ဖွယ်ရှုံးနိမ့်ခဲ့သလို ကိုလံဘီယာနဲ့ပါရာဂွေးကလည်း သရေ၊ ချီလီကလည်း အီကွေဒေါကို ရှုံးနိမ့်ခဲ့တာကြောင့် အာဂျင်တီးနားတို့ အဝေးကွင်းမှာရရှိခဲ့တဲ့ သရေတစ်မှတ်နဲ့ ခြေစစ်ပွဲတိုက်ရိုက်အောင်မြင်ခဲ့တာပါ။

(၂၀၂၂) ကမ္ဘာ့ဖလားပြိုင်ပွဲအတွက် တောင်အမေရိကဇုန်က ထိပ်ဆုံးအသင်း (၄) သင်း တိုက်ရိုက်ခြေစစ်ပွဲအောင်မြင်မှာဖြစ်ပြီး အဆင့် (၅) နေရာက အသင်းကတော့ Play-off ယှဥ်ပြိုင်ကစားရမှာလည်း ဖြစ်ပါတယ်။ 

Share

က္က