လီယွန်နယ် မက်ဆီနဲ့ အာဂျင်တီးနားအသင်းတို့ဟာ ၂၀၂၂ ကမ္ဘာ့ဖလားကို ကိုင်မြှောက်နိုင်ဖို့ လက်တစ်ကမ်းအကွာမှာ ရှိနေပြီဖြစ်ပြီး တနင်္ဂနွေနေ့မှာ ပြင်သစ်အသင်းနဲ့ ကမ္ဘာ့ဖလားဗိုလ်လုပွဲကို ယှဉ်ပြိုင်ကစားသွားရတော့မှာဖြစ်ပါတယ်။
စကာလိုနီရဲ့အသင်းဟာ ကမ္ဘာ့ဖလားဗိုလ်လုပွဲကို တက်ရောက်နိုင်ဖို့ ဆီမီးဖိုင်နယ်အဆင့်မှာ ခရိုအေးရှားအသင်းကို ၃-၀ နဲ့ အနိုင်ယူခဲ့တာဖြစ်ပေမယ့်လည်း အသင်းခေါင်းဆောင် မက်ဆီရဲ့ခံစစ် လုပ်အားနှုန်းဟာ ဝေဖန်စရာဖြစ်ခဲ့တာဖြစ်ပါတယ်။ မက်ဆီကို ပီအက်စ်ဂျီမှာ နည်းပြပေးခဲ့ဖူးတဲ့ အာဂျင်တီးနားလူမျိုးနည်းပြ ပိုချက်တီနိုက ဘလွန်ဒေါ ၇ ဆုရှင် တောက်ပနိုင်ဖို့အတွက် ကျန်တစ်သင်းလုံးက ကစားပေးဖို့လိုအပ်တယ်လို့ ယုံကြည်နေတာဖြစ်ပါတယ်။
"ဒီအာဂျင်တီးနားအသင်းနဲ့ပတ်သက်ပြီး ဒါက အရေးအကြီးဆုံးအရာဖြစ်ပြီး အဲဒါက ဗိုလ်လုပွဲ တက်ရောက်နိုင်ခဲ့ရတဲ့အကြောင်းအရင်းလည်း ဟုတ်ပါတယ်။ ကစားသမားတွေက သူတို့ရဲ့ အခန်းကဏ္ဍကို အပြည့်အဝနားလည်ထားတာကြောင့်ပါ။ ခင်ဗျားအသင်းမှာ မက်ဆီရှိနေတဲ့အချိန်မှာ ခင်ဗျား သူ့အတွက် ပြေးလွှားပေးရမယ်။ ခင်ဗျား ဘောလုံးရတဲ့အခါမှာ သူ့ကို တတ်နိုင်သမျှ မြန်မြန်ပေးရမယ်။ အဲဒါမှ သူ တစ်စုံတရာကို ဖန်တီးပေးနိုင်မယ်။ အဲဒီတော့ ကစားသမားတွေက သူတို့တွေ ဘာလုပ်ဖို့လိုလဲဆိုတာကို အချိန်တိုင်းမှာ သိနေတယ်။ အင်္ဂါနေ့ညက ခရိုအေးရှားနဲ့ပွဲမှာ သူ လုပ်ခဲ့တဲ့အတိုင်း အဆုံးအဖြတ်ပေးနိုင်ဖို့အတွက်အရာအားလုံးကို ပေးဖို့ပေါ့"
ပိုချက်တီနိုက အာဂျင်တီးနားကစားသမားတွေဟာ အသင်းခေါင်းဆောင် မက်ဆီကို အရာအားလုံးပေးခဲ့တာက အသက် ၃၅ နှစ်အရွယ် တိုက်စစ်မှူး အသင်းထဲမှာ ရှိနေတဲ့အချိန်မှာ ဘာမဆို အနိုင်ရရှိနိုင်တယ်ဆိုတာကို သိနေတာကြောင့်ဖြစ်တယ်လို့ ထပ်လောင်း ပြောကြားခဲ့ပါတယ်။ "ဟုတ်တာပေါ့။ အာဂျင်တီးနားက မက်ဆီကို လိုအပ်တယ်။ ဒါပေမယ့် မက်ဆီကလည်း သူ့အတွက် အချိန်တိုင်းမှာ တိုက်ပွဲဝင်ပေးနိုင်မယ့် တခြားကစားသမား ၁၀ ဦးကို လိုအပ်ပါတယ်။ အဲဒါက ဒီအသင်းရဲ့ အဓိကသော့ချက်တွေထဲက တစ်ခုဖြစ်ခဲ့ပါတယ်။ သူတို့တွေက မက်ဆီအတွက် ကစားပေးရခြင်းအားဖြင့် သူတို့တွေ ကမ္ဘာ့ဖလားအနိုင်ရနိုင်တယ်ဆိုတာကို ယုံကြည်ကြတယ်။ ကစားသမားတွေက ဒီဟာကို လုပ်ဖို့အတွက် ၁၂၀ ရာခိုင်နှုန်းအထိ ပေးနေတာ ခင်ဗျား မြင်နိုင်မှာပါ"
တော့တင်ဟမ်ဟော့စပါးနည်းပြဟောင်းက အာဂျင်တီးနားအသင်းခေါင်းဆောင်ဟာ ပြင်သစ်နဲ့ ကစားမယ့် ကမ္ဘာ့ဖလားဗိုလ်လုပွဲမှာ ပြိုင်ဘက်ကစားသမားတွေကို ဖိအားပေးဖို့မလိုဘဲ ကျန်တဲ့တစ်သင်းလုံးကပဲ ဘောလုံးပြန်လည်ရရှိဖို့အတွက် လုပ်ဆောင်ရမယ်လို့ ပြောကြားခဲ့ပါတယ်။ "မက်ဆီအနေနဲ့ ဖိအားပေးတာတွေ လုပ်ဖို့ မလိုအပ်ပါဘူး။ ခင်ဗျားမှာ မက်ဆီရှိနေတဲ့အချိန်မှာ တခြားကစားသမားတွေက သူတို့အနေနဲ့ ဘောလုံးကို ပြန်လည်ဆယ်ယူဖို့နဲ့ သူ့ဆီကို ပေးဖို့ လိုအပ်တယ်ဆိုတာကို နားလည်ဖို့ လိုပါတယ်။ အဲဒီကျမှ သူက သူ့ရဲ့ အင်အားတွေကို ထုတ်သုံးပြီး အဆုံးအဖြတ်ပေးမှာပါ။ အာဂျင်တီးနား အခု ပြသနေတဲ့အတိုင်းပဲပေါ့"လို့ ပြောကြားသွားခဲ့ပါတယ်။