ကမ္ဘာ့ဖလားဆီမီးဖိုင်နယ်ပွဲအဖြစ် ဒီနေ့ကစားရတော့မှာဖြစ်ပါတယ်။

ဒီနေ့ကစားရမယ့် အာဂျင်တီးနားနဲ့ ကမ္ဘာ့ဖလားဆီမီးဖိုင်နယ်ပွဲစဉ်ကို အနိုင်ရခဲ့မယ်ဆိုရင် ဒါဟာ ခရိုအေးရှားသမိုင်းမှာ အကြီးကျယ်ဆုံးနိုင်ပွဲဖြစ်လာလိမ့်မယ်လို့ နည်းပြဒါလစ်က ပွဲကြိုသတင်းစာရှင်းလင်းပွဲမှာ ပြောဆိုလိုက်ပါတယ်။ ဗိုလ်လုပွဲကို တက်ရောက်နိုင်ဖို့အတွက် ရင်ဆိုင်ရတော့မယ့်အချိန်မှာ ဒါလစ်က ပြိုင်ဘက်ကို လျှော့မတွက်ထားသလို အစွမ်းကုန်ပေးဆပ်ကစားမယ်လို့လည်း ပြောဆိုခဲ့ပါတယ်။ 

"ဆီမီးဖိုင်နယ်ကို ၂ ကြိမ်ဆက်တိုက်တက်ရောက်နိုင်ခဲ့တာပါ၊ ကျနော်တို့က စိတ်အားထက်သန်မှုအပြည့်ရှိနေတဲ့ အသင်းကို ရင်ဆိုင်ရမှာပါ၊ ပြီးတော့ မက်ဆီလည်း ပါနေတယ်၊ သူတို့ကို ရင်ဆိုင်ရမှာက မလွယ်ကူပါဘူး၊ ဒါပေမယ့် ကျနော်တို့ရဲ့ သန်မာမှုရှိတဲ့ အချက်တွေကနေ အကျိုးရှိအောင်လုပ်သွားမှာပါ၊ ကျနော်တို့ အချိန်ပို ၂ ပွဲ ကစားခဲ့ရပေမယ့်လည်း အာဂျင်တီးနားနဲ့ပွဲမှာ အရာအားလုံးကို ပေးဆပ်သွားမှာပါ"

"ဒီပွဲက ခရိုအေးရှားသမိုင်းမှာ တတိယမြောက်အရေးအပါဆုံးပွဲဖြစ်လာမှာပါ၊ ပထမပွဲကတော့ ၂၀၁၈ မှာ အင်္ဂလန်၊ ပြီးတော့ လတ်တလ​ောကစားခဲ့တဲ့ ဘရာဇီးလ်ပွဲပါ၊ ဒါကြောင့် ဒီပွဲကိုအနိုင်ရမယ်ဆိုရင် ခရိုအေးရှားသမိုင်းမှာ အကြီးကျယ်ဆုံးနိုင်ပွဲဖြစ်လာပါလိမ့်မယ်၊ ဟော်လန်နဲ့ပွဲကထက် ပိုကောင်းတဲ့ အာဂျင်တီးနားကို မတွေ့ရဖို့တော့ မျှော်လင့်ပါတယ်၊ ဒီပွဲက ခက်ခဲပါလိမ့်မယ်၊ ကမ္ဘာ့အကောင်းဆုံးအသင်းနဲ့ ကျနော်တို့ ရင်ဆိုင်ရမှာပါ"

"ခရိုအေးရှားနည်းပြအဖြစ်နဲ့ ဆီမီးဖိုင်နယ်၊ ဗိုလ်လုပွဲတွေကို ကစားခွင့်ရဖို့ ကျနော်မျှော်လင့်မထားခဲ့ဖူးဘူး၊ မနက်ဖြန်ရလဒ်က ဘာပဲဖြစ်ဖြစ် ဒီပြိုင်ပွဲမှာ ကျနော်တို့ စွမ်းဆောင်ပြနိုင်ခဲ့တာတွေအတွက် ဂုဏ်ယူနေမှာပါ၊ လေးသင်းကျန်နေပြီး ၂သင်းက ဗိုလ်လုပွဲကစားရမှာဖြစ်ပါတယ်၊ ဆုဖလားအတွက် တသင်းတည်းပဲ ပျော်ရွှင်ခွင့်ရမှာပါ၊ ကျနော်တို့ပျော်ပျော်ရွှင်ရွှင်ကစားပြီး ဆုဖလားရဖို့လည်း မျှော်လင့်ပါတယ်" လို့ ဒါလစ်က ပြောခဲ့ပါတယ်။ 

ခရိုအေးရှားဟာ ၂၀၁၈ တုန်းက အုပ်စုအဆင့်မှာ အာဂျင်တီးနားကို ၃-၀ နဲ့ အနိုင်ရရှိခဲ့ဖူးပါတယ်။ ဗိုလ်လုပွဲအထိလည်း တက်ရောက်နိုင်ခဲ့ပြီးမှ ပြင်သစ်ကို အရေးနိမ့်ခဲ့လို့ ဒုတိယနဲ့သာ ကျေနပ်ခဲ့ရပြီး ဒီနေ့မှာ အာဂျင်တီးနားကို အနိုင်ရမယ်ဆိုရင် ဗိုလ်လုပွဲကို ၂ ကြိမ်ဆက်တိုက်တက်တဲ့ စံချိန်ကို ရရှိမှာဖြစ်ပါတယ်။ 

Share

Loading Next Article...
က္က