ဖီဖာရဲ့ပြောကြားချက်အရ လူပေါင်း ၅ ဘီလီယံအထိ ကမ္ဘာ့ဖလားပြိုင်ပွဲတလျှောက် ကြည့်ရှုခဲ့တယ်လို့ သိရပါတယ်။

၂၀၂၂ ကမ္ဘာ့ဖလားပြိုင်ပွဲရဲ့ ရင်ခုန်စိတ်လှုပ်ရှားစရာအကောင်းဆုံးဖြစ်ခဲ့တဲ့ အာဂျင်တီးနားနဲ့ ပြင်သစ်တို့ရဲ့ဗိုလ်လုပွဲကို ကမ္ဘာတလွှားက ပရိသတ်ပေါင်း ၁.၅ ဘီလီယံအထိ ကြည့်ရှုခဲ့ကြတယ်လို့ ဖီဖာက ကြေညာခဲ့ပါတယ်။

အာဂျင်တီးနားနဲ့ ပြင်သစ်တို့ဟာ ဒီဇင်ဘာလ ၁၈ ရက်နေ့က လူဆေးလ်ကွင်းထဲမှာ ၂၀၂၂ ကမ္ဘာ့ဖလား ဗိုလ်လုပွဲအဖြစ် ထိပ်တိုက်ရင်ဆိုင်ခဲ့ကြတာဖြစ်ပြီး လီယွန်နယ် မက်ဆီနဲ့ ဒီမာရီယာတို့ရဲ့သွင်းဂိုးတွေကြောင့် အာဂျင်တီးနားက ဦးဆောင်နိုင်ခဲ့တာဖြစ်ပါတယ်။ ဒါပေမယ့်လည်း ပွဲကစားချိန်ပြီးဆုံးခါနီးမှာ အမ်ဘာပေက အံ့အားသင့်ဖွယ် ချေပဂိုး ၂ ဂိုးအထိ ပြန်လည်သွင်းယူသွားခဲ့ပြီး အချိန်ပိုအထိ ဆက်လက်ယှဉ်ပြိုင်ခဲ့ရတာ ဖြစ်ပါတယ်။

လီယွန်နယ် မက်ဆီက အချိန်ပိုမှာ အာဂျင်တီးနားအတွက် နောက်ထပ် ဦးဆောင်ဂိုးကို ထပ်မံသွင်းယူနိုင်ခဲ့ပေမယ့်လည်း ပီအက်စ်ဂျီအသင်းဖော် အမ်ဘာပေက ပင်နယ်တီကနေတဆင့် ပြန်လည် ချေပသွားခဲ့တာ ဖြစ်ပါတယ်။ အချိန်ပိုမှာလည်း တစ်ဖက် ၃ ဂိုးစီ ပွဲပြီးဆုံးသွားခဲ့တာကြောင့် ပင်နယ်တီ အဆုံးအဖြတ် ခံယူခဲ့ရပြီး အာဂျင်တီးနားဂိုးသမား အီမီလီယာနို မာတီနက်ဇ်က ကင်းစလေ ကိုးမန်းရဲ့ ကန်ချက်ကို ကာကွယ်နိုင်ခဲ့ပြီး ချွင်မင်နီက ဂိုးပေါက်မတည်ခဲ့တာကြောင့် အာဂျင်တီးနားတို့ ၄-၂ နဲ့ အနိုင်ရရှိသွားခဲ့တာ ဖြစ်ပါတယ်။

အာဂျင်တီးနားနဲ့ ပြင်သစ်တို့ရဲ့ပွဲစဉ်ဟာ ဘောလုံးသမိုင်းမှာ စိတ်လှုပ်ရှားစရာ အကောင်းဆုံးကမ္ဘာ့ဖလားဗိုလ်လုပွဲတွေထဲက တစ်ပွဲဖြစ်ခဲ့ပြီး ဖီဖာရဲ့ ကြေညာချက်အရ ကမ္ဘာတလွှားက လူပေါင်း ၁.၅ ဘီလီယံအထိ ကြည့်ရှုခဲ့ကြတယ်လို့ သိရပါတယ်။ အလွန်ကံကောင်းတဲ့ တက်ရောက်ကြည့်ရှုသူပေါင်း ၈၈၉၆၆ ဦးကတော့ လူဆေးလ်ကွင်းထဲက စိတ်လှုပ်ရှားစရာ အလှည့်အပြောင်းတွေကို အနီးကပ် စောင့်ကြည့်ခွင့် ရရှိခဲ့တာဖြစ်ပြီး ဖီဖာရဲ့ပြောကြားချက်အရ လူပေါင်း ၅ ဘီလီယံအထိ ကမ္ဘာ့ဖလားပြိုင်ပွဲတလျှောက် ကြည့်ရှုခဲ့တယ်လို့ သိရပါတယ်။


ကာတာ ကမ္ဘာ့ဖလားပြိုင်ပွဲမှာ စုစုပေါင်းသွင်းဂိုး ၁၇၂ ဂိုးအထိ သွင်းယူခဲ့ကြပြီး ကာတာက ဘောလုံးကွင်းတွေထဲကကို တက်ရောက်ကြည့်ရှုခဲ့သူပေါင်း ၃.၄ သန်းအထိ ရှိခဲ့တာကြောင့် ၂၀၁၈ ရုရှား ကမ္ဘာ့ဖလားပြိုင်တုန်းကထက် ကြည့်ရှုသူပေါင်း ၄ သိန်းပိုမိုခဲ့တယ်လို့ သိရပါတယ်။

Share

Loading Next Article...
က္က