လီယွန်နယ် မက်ဆီဟာ အာဂျင်တီးနားမှာ ပြုလုပ်ခဲ့တဲ့ စစ်တမ်းအသစ်အရ ပရိသတ်တွေဟာ အာဂျင်တီးနားအသင်းခေါင်းဆောင်ကို သမ္မတသစ်အဖြစ် မဲပေးရွေးချယ်သွားမယ်လို့ ဝန်ခံပြောကြားခဲ့ကြပါတယ်။
မက်ဆီဟာ အာဂျင်တီးနားအသင်းကို ကာတာမှာ ၃၆ နှစ်ကြာ ဝေးကွာနေတဲ့ ကမ္ဘာ့ဖလားကြီးကို သမိုင်းဝင် ဆွတ်ခူးနိုင်အောင် ဦးဆောင်ပေးနိုင်ခဲ့သူဖြစ်ပြီး စကာလိုနီရဲ့အသင်းက ပင်နယ်တီ အဆုံးအဖြတ်မှာ ၄-၂ နဲ့ အနိုင်ရရှိသွားခဲ့တာဖြစ်ပါတယ်။ လီယွန်နယ် မက်ဆီအတွက် ၂၀၂၁ ခုနှစ်မှာ ကိုပါအမေရိကဖလားအောင်ပွဲရရှိခဲ့ပြီးနောက်ပိုင်း ကမ္ဘာ့ဖလားဟာ ၎င်းရဲ့ ကစားသမားဘဝတလျှောက်လုံး ရှောင်ပုန်းနေခဲ့တဲ့ ဆုဖလားကြီး ဖြစ်ခဲ့တာဖြစ်ပါတယ်။
မွေးရပ်မြေ အာဂျင်တီးနားကို ပြန်လည်ရောက်ရှိလာခဲ့တဲ့ ဘလွန်ဒေါ ၇ ဆုရှင်ဟာ ပရိသတ်တွေက အိမ်ရှေ့မှာ အုံးအုံးကျက်ကျက် အားပေးနေကြတာကြောင့် အိမ်ထဲကို ကားမောင်းဝင်ဖို့တောင် တော်တော်လေး ခက်ခဲခဲ့တာ ဖြစ်ပါတယ်။ ပြီးတဲ့နောက် မက်ဆီဟာ ၎င်းရဲ့ တူမ အသက် ၁၅ နှစ်ပြည့်မွေးနေ့ပါတီမှာလည်း အလားတူအဖြစ်မျိုးနဲ့ ကြုံတွေ့ခဲ့ရတာဖြစ်ပြီး ပီအက်စ်ဂျီကြယ်ပွင့်ကို အာဂျင်တီးနားသားတွေက ဘုရားတစ်ဆူလို ကိုးကွယ်ကြတာဖြစ်ပါတယ်။
Giacobbe & Asociados က အာဂျင်တီးနားမှော်ဆရာကို ပရိသတ်တွေက ဘယ်လောက်အထိ ချစ်မြတ်နိုးကြလဲဆိုတာကို သိချင်ခဲ့တာကြောင့် လူပေါင်း ၂၅၀၀ ကို စစ်တမ်းကောက်ယူခဲ့ပြီး လီယွန်နယ် မက်ဆီကို ၎င်းတို့ရဲ့ သမ္မတသစ်ဖြစ်လာစေချင်လားလို့ မေးမြန်းခဲ့တာဖြစ်ပါတယ်။ စုစုပေါင်း လူ ၂၅၀၀ ထဲက ၄၃.၇ ရာခိုင်နှုန်းက ထောက်ခံမဲပေးခဲ့ပြီး ၃၇.၈ ရာခိုင်နှုန်းက ကန့်ကွက်မဲ၊ ၁၇.၅ ရာခိုင်နှုန်းက ကြားနေမဲ ပေးခဲ့ကြတာ ဖြစ်ပါတယ်။
ပြီးတဲ့နောက် ဒုတိယစစ်တမ်းမှာ လီယွန်နယ် မက်ဆီကို လက်ရှိ သမ္မတ အယ်လ်ဘာတို ဖာနန်ဒက်ဇ်အပါအဝင် အခြား သမ္မတလောင်းတွေနဲ့အတူ သမ္မတသစ်ဖြစ်လာနိုင်တဲ့စာရင်းထဲမှာ ထည့်ခဲ့ချိန်မှာ ပီအက်စ်ဂျီကြယ်ပွင့်က သမ္မတဟောင်း ခရစ္စတီနာ ကာ့ချ်နာနဲ့ အခြား သမ္မတလောင်းတွေအားလုံးကို အနိုင်ရရှိခဲ့တာဖြစ်ပါတယ်။ လီယွန်နယ် မက်ဆီဟာ စုစုပေါင်း မဲအရေအတွက်ရဲ့ ၃၆.၇ ရာခိုင်နှုန်းကို ရရှိခဲ့ပြီး လက်ရှိ နိုင်ငံတော်သမ္မတ ဖာနန်ဒက်ဇ်ထက် ၂၄.၇ ရာခိုင်နှုန်း ပိုမို ရရှိခဲ့တာဖြစ်ပါတယ်။