ဒေသတွင်း ကူးစက်မှုအန္တရာယ်ဟာ ကပ်ရောဂါ ဆက်လက်ဖြစ်ပွားနေသမျှ ရှိနေလိမ့်မယ်လို့ ဆိုပါတယ်။

အာရှ-ပစိဖိတ်ဒေသမှာ COVID-19 ကပ်ရောဂါ ကူးစက်ဖြစ်ပွားမှု အဆုံးသတ်ရန် ဝေးနေသေးကြောင်း ကမ္ဘာ့ကျန်းမာရေးအဖွဲ့အစည်း (World Health Organization - WHO) မှ တာဝန်ရှိသူတစ်ဦးက ယနေ့ (မတ်လ ၃၁ ရက်) ‌ပြောပါတယ်။


(WHO ဒေသဆိုင်ရာဒါရိုက်တာTakeshi Kasai) (Photo: gotv.ctitv)

အာရှ-ပစိဖိတ်ဒေသမှာ ဗိုင်းရပ်စ်ကူးစက်မှုတိုက်ဖျက်ရေး လက်ရှိ စီမံဆောင်ရွက်မှုတွေဟာ ကြီးမားတဲ့ အတိုင်းအတာဖြင့် ကူးစက်မှုအတွက် ပြင်ဆင်ရန် အချိန်ယူနေခြင်းဖြစ်တယ်လို့ ၎င်းကဆိုပါတယ်။ စီမံဆောင်ရွက်မှုအားလုံးကို လုပ်ဆောင်နေသည့်တိုင် ဒေသတွင်း ကူးစက်မှုအန္တရာယ်ဟာ ကပ်ရောဂါ ဆက်လက်ဖြစ်ပွားနေသမျှ ရှိနေလိမ့်မယ်လို့ WHO ရဲ့ အနောက်ပစိဖိတ်ဒေသ ဒေသဆိုင်ရာဒါရိုက်တာ Takeshi Kasai က ပြောပါတယ်။ ကြီးမားတဲ့ အတိုင်းအတာဖြင့် ကူးစက်မှုအတွက် ပြင်ဆင်မှုတွေဟာ လူတိုင်း လုပ်ဆောင်ရမှာဖြစ်တယ်လို့လည်း ၎င်းက ဆိုပါတယ်။



(Photo: Chalinee Thirasupa/Reuters)

လတ်တလောမှာ COVID-19 ကူးစက်မှုနှုန်း လျော့ကျသွားတဲ့ နိုင်ငံတွေဟာလည်း ၎င်းတို့ရဲ့ ကာကွယ်တားဆီးရေး အစီအမံတွေကို မလျှော့ချသင့်ကြောင်း၊ ထိုသို့မဟုတ်ပါက ဗိုင်းရပ်စ်ကူးစက်မှုတွေ ပြန်လည်မြင့်တက်လာနိုင်ကြောင်း Takeshi Kasai က သတိပေးခဲ့ကြောင်း Reuters သတင်းမှာ ဖော်ပြပါတယ်။ အာရှ-ပစိဖိတ်ဒေသမှာ အရှေ့အာရှ၊ တောင်အာရှ၊ အရှေ့တောင်အာရှနဲ့ သမုဒ္ဒရာပိုင်း နိုင်ငံများပါဝင်ပါတယ်။

ထိုအတောအတွင်း ကမ္ဘာ့ဘဏ် (World Bank) ကလည်း COVID-19 ဂယက်ကြောင့် အာရှ-ပစိဖိတ်ဒေသမှာ သိသာထင်ရှားတဲ့ စီးပွားရေးထိခိုက်ဆုံးရှုံးမှုကို ရှောင်လွှဲနိုင်ရန်မမြင်ကြောင်း ပြောခဲ့ပါတယ်။ ယနေ့ မွန်းလွဲပိုင်းအထိ စာရင်းတွေအရ ကမ္ဘာတစ်ဝှမ်းမှာ COVID-19 ကူးစက်ခံရသူ ၇၈၅,၈၅၅ ဦးနဲ့ သေဆုံးသူ ၃၇,၈၂၆ ဦးအထိ ဆက်လက် မြင့်တက်ခဲ့ပြီး ပြန်လည်သက်သာလာသူ ၁၆၅,၆၅၉ ဦးရှိခဲ့ကြောင်း သိရပါတယ်။

Share

Loading Next Article...
က္က