၂၀၁၉ ခုနှစ်ရဲ့ League of Legends ကမ္ဘာ့ချန်ပီယံပြိုင်ပွဲကြီးမှာလည်း ထုံးစံအတိုင်း အာရှအခြေစိုက်အသင်းကသာ ဗိုလ်စွဲခဲ့ပြန်ပါတယ်။

  League Of Legends World Championship ဆိုတာ ကမ္ဘာပေါ်မှာ ဂုဏ်သိက္ခာအကြီးမားဆုံး Esports ပြိုင်ပွဲတစ်ခုပါ။


League Of Legends ဟာ ၂၀၀၉ ခုနှစ်ကတည်းက ထွက်ရှိခဲ့တဲ့ဂိမ်းဖြစ်ပြီး လက်ရှိကမ္ဘာပေါ်မှာ ကစားသမားအများဆုံးပိုင်ဆိုင်ထားတဲ့ MOBA ဂိမ်းပဲဖြစ်ပါတယ်။ သူတို့ရဲ့ အကြီးမားဆုံးပြိုင်ပွဲကြီးဖြစ်တဲ့ World Championship ကို ၂၀၁၁ ခုှနှစ်ကတည်းက ကျင်းပလာခဲ့ပြီး လက်ရှိ ၂၀၁၉ ခုနှစ်မှာတော့ ပဲရစ်မြို့ကို ရောက်ရှိလာခဲ့ပါတယ်။



         League Of Legends World Champion 2019 မှာ အသင်းပေါင်း ၂၄ သင်းပါဝင်ခဲ့ပြီး ဂျာမဏီ၊ စပိန်နဲ့ ပြင်သစ်နိုင်ငံတို့မှာ ကျင်းပခဲ့ပါတယ်။ နောက်ဆုံးဗိုလ်လုပွဲကိုတော့ ပြင်သစ်နိုင်ငံ ပဲရစ်မြို့က Accorhotels Arena မှာကျင်းပခဲ့တာဖြစ်ကာ ဆုကြေးငွေ ဒေါ်လာ ၂ သန်းကျော်ကို ချီးမြှင့်ခဲ့ပါတယ်။


LOL World Finals ရဲ့ ဗိုလ်လုပွဲမှာတော့ တရုတ်အခြေစိုက် Funplus Phoenix အသင်းနဲ့ ဥရောပအသင်း G2 တို့တွေ့ဆုံခဲ့ပြီး BO5 ဆော့ကစားခဲ့ရမှာ Funplus Phoenix က G2 ကို ၃ပွဲပြတ်အနိုင်ယူခဲ့ကာ ချန်ပီယံဆုနဲ့ထိုက်တန်ကြောင်း သက်သေပြခဲ့ပါတယ်။ ဒါ့အပြင် Funplus Phoenix အသင်းက Jungler ကစားသမား Tian ဟာလည်း MVP Award ကိုရရှိခဲ့ပါတယ်။


         ဒီနှစ်မှာလည်း LOL World Championship ရဲ့ချန်ပီယံဟာ အာရှဒေသတွင်းက အသင်းပဲဖြစ်ပါတယ်။ ဒီနေရာကို ဥရောပ၊မြောက်အမေရိက စတဲ့ဒေသက အသင်းတွေမရောက်ရှိနိုင်ခဲ့တာ ၈ နှစ်ဆက်တိုက်ရှိခဲ့ပါပြီ။ အာရှလို့သာ အလွယ်တကူပြောလိုက်ပေမယ့် တကယ်တော့ ကိုရီးယားအသင်းနဲ့ တရုတ်အသင်းတွေချည်းပါပဲ။

 ကိုးရီးယားအသင်းတွေထဲမှာတော့ SKT T1 အသင်းက LOL World Championship ကို ၃ ကြိမ်၊ Samsung Galaxy အသင်းက ၂ ကြိမ် ရရှိထားဖူးပြီး တရုတ်အသင်း တွေဖြစ်တဲ့ Invictus Gaming နဲ့ ဒီနှစ်မှာ ချန်ပီယံဖြစ်ခဲ့တဲ့ Funplus Phoenix က ၁ ကြိမ်စီ၊ ထိုင်ဝမ်အသင်း Taipei Assassins အသင်းက ၁ ကြိမ် စုစုပေါင်း ၈ ကြိမ်ကိုမှ ၈ နှစ်ဆက်တိုက် ရယူထားနိုင်ခဲ့တာပါ။


ကိုရီးယား၊တရုတ်အသင်းတွေ ချန်ပီယံမဖြစ်ခဲ့တာဆိုလို့ LOL World Championship ပထမဦးဆုံးကျင်းပခဲ့တဲ့ ၂၀၁၁ ခုနှစ်ကပြိုင်ပွဲပဲရှိပါတယ်။ အဲဒီ LOL World Championship Season One မှာတော့ ဥရောပအသင်းတစ်သင်းဖြစ်တဲ့ Fnatic က ဗိုလ်စွဲခဲ့ပါတယ်။


         ဒီနှစ် LOL World Championship ပြိုင်ပွဲမှာလည်း ဒေသပေါင်းစုံက ၂၄ သင်းပါဝင်ယှဉ်ပြိုင်ခဲ့ပေမယ့် နောက်ဆုံးကျန်ခဲ့တဲ့ ၄ သင်းထဲမှာ G2 ကလွဲလို့ ကျန်အသင်းတွေက တရုတ်၊ကိုရီးယားအသင်းတွေ ဖြစ်နေခဲ့ပါတယ်။ ဒီနှစ်မှာ Top 4 ဝင်ခဲ့တဲ့အသင်းတွေက အရင်နှစ်က ချန်ပီယံ တရုတ်အသင်း Invictus Gaming၊ World Championship မှာ ၃ ကြိမ်တိုင်တိုင်ဗိုလ်စွဲခဲ့ဖူးတဲ့ SKT T1 ၊ ဒီနှစ်ရဲ့ချန်ပီယံလောင်း Funplus Phoenix နဲ့ နောက်ဆုံး ဒုတိယရရှိခဲ့တဲ့ ဥရောပအသင်း G2 တို့ပဲဖြစ်ပါတယ်။

ဒါကိုကြည့်ပြီး တရုတ်၊ ကိုရီးယားအသင်းတွေ League Of Legends ပရော်ဖက်ရှင်နယ် နယ်ပယ်မှာ ဘယ်လောက်အထိလွှမ်းမိုးထားသလဲဆိုတာကို မျက်ဝါးထင်ထင်သိမြင်သွားလောက်ပါပြီ။ အင်အားကြီးလွန်းတဲ့ အာရှအသင်းတွေရဲ့ ပုလ္လင်ကို ဥရောပနဲ့ မြောက်အမေရိကအသင်းတွေအနေနဲ့ လုယူနိုင်မလားဆိုတာကတော့ လက်ရှိအချိန်မှာ ဖြေစရာ အဖြေမရှိသေးတဲ့ မေးခွန်းတစ်ခုလို့ဆိုရမှာပါပဲ။


Written by Myo Thant Kyaw


ဆက်စပ်အကြောင်းအရာများ

Share

က္က