ဓာတ်စာလို့ဆိုလိုက်တာနဲ့ ဖြည့်စွက်အစားအစာတွေလား၊ ဖြည့်စွက်အားဆေးတွေလားလို့ ထင်တတ်ကြပါတယ်။

ဓာတ်စာဆိုတာ အာဟာရပညာရပ်ရှုထောင့်အရ စားနေကျပုံမှန်အစားအစာပဲဖြစ်ပါတယ်။

Photo: American High Association

အစားအသောက်ထဲမှာ ကာဗွန်ဟိုက်ဒြိတ်လို့ ခေါ်တဲ့ အချိုဓာတ်သကြားဓာတ်၊ ပရိုတင်းလို့ခေါ်တဲ့အသားဓာတ်၊ Fat လို့ ခေါ်တဲ့ အဆီဓာတ် ဒီ (၃) မျိုးက အဓိကအရေးကြီးလိုအပ်တာဖြစ်ပါတယ်။ ဒါ့အပြင် ဗီတာမင်လို့ခေါ်တဲ့ သက်စောင့်ဓာတ်၊ မင်နရယ်လို့ခေါ်တဲ့ သတ္တုဓာတ်တွေလည်း လိုအပ်သလို ရေဆိုတာလည်း လိုအပ်ပါတယ်။ ဒါတွေအားလုံးသည် ဓာတ်စာဖြစ်တယ်လို့ အာဟာရအထူးကုဆရာဝန် ဒေါက်တာညီညီကျော်က ပြောပါတယ်။

Photo: Digest Asia

အာဟာရကြီး (၆)ခုဖြစ်တဲ့ ဓာတ်စာ

ဓာတ်စာကို အလွယ်တကူပြောမယ်ဆိုရင်တော့ အဓိက အာဟာရကြီး (၆) ခုဖြစ်ပါတယ်။ အဓိက အာဟာရကြီး (၆)ခုကတော့ ကာဗွန်ဟိုက်ဒြိတ်၊ ပရိုတင်း၊ သတ္တုဓာတ်၊ ဗီတာမင်ဓာတ်၊ ရေ၊ အဆီဓာတ်တွေပဲ ဖြစ်ပါတယ်။ အဲဒီအာဟာရဓာတ်တွေအပေါ် အခြေခံပြီး ဖြည့်စွက်အစားအသောက်တွေ၊ ဖြည်စွက်အားဆေးတွေ ဖန်တီးထုတ်လုပ်လာကြတာဖြစ်တယ်လို့ အာဟာရအထူးကုဆရာဝန်ဒေါက်တာညီညီကျော်က ရှင်းပြပါတယ်။

ဒါပေမယ့် လူတွေက ဓာတ်စာလို့ဆိုလိုက်တာနဲ့ ဖြည့်စွက်အစားအစာတွေလား၊ ဖြည့်စွက်အားဆေးတွေလားလို့ ထင်တတ်ကြပါတယ်။ တကယ်တော့ ဓာတ်စာဆိုတာ အာဟာရပါပဲ။ ဒါကြောင့် မိမိက ကျန်းမာတဲ့ခန္ဓာကိုယ်ကို ပိုင်ဆိုင်ထားမယ်။ တစ်ခြားရောဂါအခံလည်းမရှိဘူးဆိုရင်တော့ နေ့စဉ် သဘာ၀ အစားအစာတွေကိုသေချာစားပေးခြင်းအားဖြင့် ဖန်တီးထုတ်လုပ်ထားတဲ့ ဖြည့်စွက်အစားအစာတွေကူစရာမလိုဘဲ အာဟာရဓာတ်ပြည့်ပြည့်၀၀ရရှိနိုင်မှာလည်းဖြစ်ပါတယ်။

Photo: Buoy Health

ဓာတ်စာကို အခြေခံထားတဲ့ ဖြည့်စွက်စာ

ဖြည့်စွက်စာ၊ ဖြည့်စွက်စာတို့ ဆိုတာ အဓိကအာဟာရကြီး (၆)ခုဖြစ်တဲ့ ဓာတ်စာကို အခြေခံထားတာဖြစ်ပါတယ်။ အားဆေးအတောင့်တွေကိုပဲ ဖြည့်စွက်စာလို့ ခေါ်တာမဟုတ်ပါဘူး။ ရောဂါတစ်ခုချင်းစီအလိုက် သောက်နေတဲ့ ဥပမာ- ဆီးချိုအတွက်သောက်နေတဲ့ နို့မှုန့်တွေ ရှိမယ်။ အသက်ကြီး (၆၀) ကျော်တွေအတွက် သောက်ရတဲ့ နို့မှုန့်တွေ ရှိမယ်။ ကိုယ်ဝန်ဆောင်မိခင်တွေအတွက်ထုတ်ထားတဲ့ နို့မှုန့်တွေရှိမယ်။ အရိုးအဆစ်ခိုင်မာဖို့ အတွက်ဆိုပြီးတော့ ထုတ်ထားတဲ့ နို့မှုန့်တွေရှိမယ်။ ဒါတွေအကုန်လုံးဟာလည်း ဖြည့်စွက်စာတွေ ဖြစ်တယ်လို့ အာဟာရအထူးကုဆရာဝန်ဒေါက်တာညီညီကျော်ကဆိုပါတယ်။ နောက်ပြီး ဈေးကွက်ထဲမှာ ရောင်းချနေတဲ့ အိုဗာတင်း၊ မိုင်လိုင်၊ နွားနု့ိ စသဖြင့်၊ အသီးအနှံတွေကို အခြေခံပြီး ထုတ်လုပ်ထားတဲ့ အရည်တွေဟာလည်း အာဟာရဓာတ်ပြည့်ဝစေဖု့ိ အထောက်အကူပြုစေတဲ့ ဖြည့်စွက်အစားအစာတွေပဲ ဖြစ်ပါတယ်။

Photo: Nordic

ဖြည့်စွက်အစားအစာနဲ့ ဖြည့်စွက်အားဆေးတို့ရဲ့ ကွာခြားမှု

ဖြည့်စွက်အစားအစာဆိုတာသည် ဖြည့်စွက်ဆေးနဲ့ ကွာခြားမှုတွေရှိပါတယ်။ အားဆေးတောင့်တွေက ဗီတာမင် မင်နရယ်လို့ ခေါ်တဲ့ သက်စောင့်ဓာတ်သတ္တုဓာတ် ဒီနှစ်ခုပဲ အဓိက ပါဝင်တာတွေ့ရပြီး တစ်ချို့ဆေးတွေမှာတော့ Omega 3 တို့လည်း ပါဝင်တာတွေ့ရပါတယ်။ ဒါပေမယ့် ဖြည့်စွက်အစားအသောက်တွေမှာတော့ ဗီတာမင်၊ မင်နရယ်အပြင် ပရိုတင်း၊ ကာဗွန်ဟိုက်ဒြိတ်၊ အဆီဓာတ် စသဖြင့် လူကိုကျန်းမာဖွံဖြိုးစေတဲ့ ရောဂါကာကွယ်စေတဲ့အာဟာရဓာတ်တွေ အဓိကပါဝင်တာဖြစ်ပါတယ်။

Photo: Healthline

နေ့စဉ် လုံလောက်စွာစားသုံးပေးရမယ့် ဓာတ်စာ

လူသားတွေအနေနဲ့ အာဟာရဓာတ်ကြီး (၆)ခုကို အခြေခံတဲ့ ဓာတ်စာကို နေ့စဉ် လုံလောက်စွာစားသုံးပေးဖို့ လိုအပ်ပါတယ်။ နေ့စဉ် အစားအသောက်စားတဲ့အခါမှာ ထမင်းပန်းကန်ကို လေးပုံ ပုံပါ။ တစ်ပုံမှာ ထမင်း (သို့) ကြာဇံ (သို့) ခေါက်ဆွဲ ထည့်ပြီး စားပါ။ ကျန်တဲ့ တစ်ပုံမှာ အသား၊ ပဲ၊ ငါး စတာလေးတွေ ထည့်ပြီး စားပါ။ ကျန်တဲ့ တစ်ဝက်တိတိမှာ အသီးအရွက်ထည့်စားပါ။ မိမိစားတဲ့ အနပ်တိုင်းမှာ ဒီလိုပုံစံအတိုင်းစားပေးမယ်ဆိုရင် အာဟာရဓာတ်လုံလောက်စွာ ရရှိပြီးသားဖြစ်ပါတယ်။ အကျိုးကျေးဇူးအနေနဲ့ ရောဂါဘယတွေကို တိုက်ထုတ်နိုင်တဲ့ အစွမ်းသတ္တိတွေ ရှိပါတယ်။ ခန္ဓာကိုယ်ကအာဟာရဓာတ်ပြည့်ဝနေတဲ့အတွက် ကိုဗစ်ရောဂါဆိုးကူးစက်ခဲ့တယ်ဆိုရင်တော့ တိုက်ထွက်နိုင်မှာ အသေအချာပါပဲ။ မိမိတို့အနေနဲ့ နေ့စဉ် အာဟာရဓာတ်ကြီး (၆) ခုကို အခြေခံတဲ့ ဓာတ်စာကို ပြည့်ပြည့်၀၀ လုံလောက်စာ မသုံးဘူးဆိုရင် ခန္ဓာကိုယ် ပိန်လှီလာမယ်။ အာဟာရဓာတ်တွေ ချို့တဲ့လာမယ်။ အသားအရေတွေ တွဲကျလာပြီး အရိုးပေါ်အရေတင်တွေ ဖြစ်လာနိုင်ပါတယ်။ နောက်ဆက်တွဲအနေနဲ့ ရောဂါတွေ အလွယ်တကူဝင်ရောက်လာနိုင်တာဖြစ်ပါတယ်။

“ ဒါကြောင့် လူတိုင်းမှာ အာဟာရသည် အရမ်းကို အရေးကြီးပါတယ်။ နေ့စဉ် လိုအပ်သလောက်စားသင့်ပြီး အလွန်အကျူးစားမိရင်တော့ အဝလွန်တာ၊ သွေးတိုး၊ ဆီးချို စတဲ့ နောက်ဆက်တွဲ ရောဂါတွေ ဖြစ်နိုင်တယ်ဆိုတာကို သတိပြုဖို့ လိုအပ်ပါတယ်။ နေ့စဉ် အာဟာရဓာတ်လုံလောက်စွာ စားပါ။ တတ်နိုင်သမျှ ဆီကြော်စာ၊ အပြင်စာတွေ ရှောင်ဖို့ကိုတော့ အထူးသတိပြုပါ။” အာဟာရအထူးကုဆရာဝန်ဒေါက်တာညီညီကျော်က ဆိုပါတယ်။

သတင်းဆောင်းပါးပါ အချက်အလက်များသည် Dr.Nutrition Page မှ အာဟာရအထူးကုဆရာဝန်ဒေါက်တာညီညီကျော်မှ အကြံပြု မျှဝေပေးထားခြင်းဖြစ်ပါသည်။

Share

က္က