သာမန်နေကာမျက်မှန်ဒီဇိုင်းနဲ့ လာပါတယ်

တရုတ်နိုင်ငံမှာ အဆင့်မြင့် AI နည်းပညာသုံးပြီး ကိုရိုနာဗိုင်းရပ်စ်ကူးစက်မှု တားဆီးရေးများ လုပ်ဆောင်နေပါတယ်။

တရုတ်နိုင်ငံအရှေ့ပိုင်း ဟန်ကျိုးပြည်နယ် Hongyuan Park ရဲ့ လုံခြုံ‌ရေးအရာရှိတွေဟာ AI နည်းပညာသုံး စမတ်မျက်မှန်အကူအညီနဲ့ လူတွေမှာ အဖျားရောဂါရှိမရှိ ရှာဖွေစောင့်ကြည့်နေတယ်လို့ The Next Web သတင်းက ဆိုပါတယ်။ ဒီစမတ်မျက်မှန်ဟာ အပူချိန်ပုံဖော်ကင်မရာစနစ်ကို သုံးပြီး လူတွေရဲ့ အပူချိန်ကို ၁ မီတာ (၃ပေ) အကွာကနေ တိုင်းတာတာ ဖြစ်ပါတယ်။



Photo: Abacus

လူနဲ့ ထိတွေ့စရာမလိုတဲ့ Thermal AR စမတ်မျက်မှန်ကို AI startup နည်းပညာကုမ္ပဏီ Rokid Corp က တီထွင်ထားတာပါ။ ဒီမျက်မှန်ဟာ နှစ်မိနစ်အတွင်း လူရာပေါင်းများစွာကို ကိုယ်အပူချိန်တိုင်းတာ စစ်ဆေးပေးနိုင်တယ်လို့လည်း ဆိုပါတယ်။ လူတစ်ယောက်မှာ အဖျားရှိကြောင်း တွေ့ရှိတာနဲ့ ဒီစမတ်မျက်မှန်ဟာ ဝတ်ဆင်ထားသူကို အလိုအလျောက် အချက်ပြပြီး ဒီဂျစ်တယ်မှတ်တမ်းအဖြစ် ထည့်သွင်းသွားမှာပါ။

ဟန်ကျိုးအခြေစိုက် Rokid ထုတ် စမတ်မျက်မှန်တွေဟာ ဂရမ် ၁၀၀ ခန့်အလေးချိန်ရှိပြီး ပုံမှန် နေကာမျက်မှန်အတိုင်း ဒီဇိုင်းထုတ်ထားတာ ဖြစ်ပါတယ်။ မျက်မှန်ရဲ့ ဘေးမှာ ကင်မရာနဲ့ ဆက်သွယ်ရေးကြိုးများ တပ်ဆင်ထားပြီး အချိန်နဲ့ တစ်ပြေးညီ မျက်မှန်ပြင်ဖတ်ခြင်းနဲ့ အဝေးထိန်း ပူးပေါင်းလုပ်ဆောင်ချက်များ ထည့်သွင်းထားပါတယ်။

Rokid ကုမ္ပဏီဟာ ပြီးခဲ့တဲ့ ဇန်နဝါရီလက စတင်ပြီး ဟန်ကျိုး အမြန်လမ်းရဲစခန်းနဲ့ အများပြည်သူလုံခြုံရေးဗြူရိုတွေမှာ ကိုယ်ပူချိန်တိုင်းနိုင်မယ့် စမတ်မျက်မှန်တွေ တပ်ဆင်အသုံးပြုဖို့ ထောက်ပံ့ထားတယ်လို့ ဆိုပါတယ်။ Rokid ဟာ ဟန်ကျိုးအပြင် အနီးအနား မြို့တွေ ဖြစ်တဲ့ ဟူကျိုးနဲ့ ကူကျိုး လမ်းပိုင်းအာဏာပိုင်တွေ အသုံးပြုဖို့လည်း စမတ်မျက်မှန်တွေ ထောက်ပံ့ထားတာပါ။

Photo: thenextweb

COVID-19 ကြောင့် တရုတ်နိုင်ငံအတွင်း ရောဂါကူးစက်မှု ထိန်းချုပ်ဖို့ AI နည်းပညာ သုံးစွဲမှု မြင့်တက်လာခဲ့ပါတယ်။ ဆေးရုံတွေမှာ AI နည်းပညာသုံး သန့်ရှင်းရေးစက်ရုပ်တွေနဲ့ ပိုးသတ်လာခဲ့သလို ရောဂါမပြန့်ပွားရေး အတွက် အိမ်အတွင်းမှာ နေထိုင်သူတွေအတွက် AI Voice assistant တွေနဲ့ အကြံပေးမှုများ လုပ်ဆောင်လာပါတယ်။

တရုတ်နည်းပညာကုမ္ပဏီကြီးတွေ ဖြစ်တဲ့ Baidu နဲ့ Intellifusion တို့ကလည်း လူဦးရေထူထပ်တဲ့ ဘေဂျင်းနဲ့ ရှန်းကျင့်လို မြို့ကြီးတွေမှာ ရထားနဲ့ လေဆိပ်များအတွင်း စောင့်ဆိုးမှုအချိန် လျှော့ချဖို့နဲ့ လူပြည့်ကျပ်မှု နည်းပါးစေဖို့ အပူချိန်တိုင်း စစ်ဆေးရေးဂိတ်တွေမှာ AI နည်းပညာများ အသုံးပြုနေပါတယ်။


ဆက်စပ်အကြောင်းအရာများ

Share

Loading Next Article...
က္က