ဥရောပပြီးနောက် အာဖရိကဟာ COVID-19 ကပ်ရောဂါ ကူးစက်ဖြစ်ပွားတဲ့ နောက်ထပ် ဗဟိုချက်နေရာ ဖြစ်လာနိုင်ကြောင်း ကမ္ဘာ့ကျန်းမာရေးအဖွဲ့အစည်း (World Health Organization - WHO) က ဧပြီ ၁၇က်နေ့မှာ သတိပေးလိုက်ပါတယ်။
(Photo: Getty Images)
ကုလသမဂ္ဂ (United Nations - UN) တာဝန်ရှိသူတွေကလည်း အာဖရိကမှာ COVID-19 ကြောင့် လူ ၃၀၀,၀၀၀ ထက်မနည်း သေဆုံးနိုင်ဖွယ်ရှိပြီး လူဦးရေ သန်း ၃၀ နီးပါးကို ဆင်ရဲမွဲတေမှု ဖြစ်စေနိုင်ကြောင်း ပြောထားပါတယ်။ ပြီးခဲ့တဲ့ သီတင်းပတ်အတွင်း အာဖရိကမှာ ဗိုင်းရပ်စ်ကူးစက်မှုတွေ သိသာစွာ မြင့်တက်လာခဲ့တာ တွေ့ရပါတယ်။
ယမန်နေ့ (ဧပြီ ၁၇ ရက်) အထိ စာရင်းတွေအရ နိုင်ငံပေါင်း ၅၄ နိုင်ငံရှိတဲ့ အာဖရိကတစ်ဝှမ်းမှာ COVID-19 ကြောင့် လူ ၁,၀၀၀ နီးပါးရှိခဲ့ပြီး ကူးစက်ခံရသူ ၁၉,၀၀၀ နီးပါး စစ်ဆေးအတည်ပြုထားပြီး ဥရောပနဲ့ အမေရိကန်မှာထက် အလွန်နည်းပါးနေပါသေးတယ်။
(Photo: AP)
အာဖရိကမှာ COVID-19 ကြောင့် လူ ၃၀၀,၀၀၀ သေဆုံးနိုင်ကြောင်း သတိပေးခဲ့တဲ့ UN Economic Commission for Africa ကတော့ အာဖရိကတိုက်အတွက် ပြည်ပကြွေးမြီလျှော်ပေးမှုများ အပါအဝင် ကပ်ရောဂါဘေး ရန်ပုံငွေ အမေရိကန်ဒေါ်လာ ၁၀၀ ဘီလီယံ တောင်းဆိုထားပါတယ်။ WHO ရဲ့ အဆိုအရ ဗိုင်းရပ်စ်ဟာ အာဖရိကမြို့တော်တွေမှ ဝေးကွာတဲ့နေရာများသို့ ကူးစက်ရောက်ရှိသွားမယ့်ပုံရှိကြောင်း သိရပါတယ်။
(Photo: The Ghana Report)
လူဦးရေ ၁.၃ ဘီလီယံခန့်ရှိတဲ့ အာဖရိကတိုက်မှာ မြောက်ပိုင်းအာဖရိကဟာ ဗိုင်းရပ်စ်ကူးစက်နဲ့ သေဆုံးမှုတွေ အဆိုးဆုံးဖြစ်ပွားနေတဲ့ နေရာဒေသဖြစ်ကြောင်း သိရပါတယ်။ အယ်လ်ဂျီးရီးယား၊ အီဂျစ်နဲ့ မော်ရိုကိုတို့မှာ ဗိုင်းရပ်စ်ကူးစက်ခံရသူ စုစုပေါင်း ၂,၀၀၀ ကျော် စစ်ဆေးတွေ့ရှိထားပြီး သေဆုံးသူ ၁၀၀ ထက်မနည်း ရှိခဲ့ပါတယ်။
အယ်လ်ဂျီးယားနိုင်ငံမှာ သေဆုံးမှုအများဆုံးဖြစ်ပြီး လက်ရှိအချိန်အထိ COVID-19 ကြောင့် ၃၄၈ ဦး သေဆုံးခဲ့ပါတယ်။ တောင်အာဖရိကနိုင်ငံမှာ ဗိုင်းရပ်စ်ကူးစက်ခံရသူ ၂,၆၀၀ ကျော်နဲ့ သေဆုံးသူ ၄၈ ဦးရှိခဲ့ပြီး အာဖရိကမှာ လူဦးရေအများဆုံးဖြစ်တဲ့ နိုင်ဂျီးရီးယားနိုင်ငံမှာတော့ ကူးစက်ခံရသူ ၄၄၂ ဦးတွေ့ရပြီး ၁၃ ဦး သေဆုံးခဲ့ပါတယ်။ နိုင်ဂျီးရီးယားမှာ လူဦးရေ သန်း ၂၀၀ ခန့်ရှိနေတာ ဖြစ်ပါတယ်။