Photo - AfricanNews
ပြီးခဲ့တဲ့ရက်ပိုင်းအတွင်း အိုင်ဗရီကို့စ်နိုင်ငံမှာ မြန်မာနိုင်ငံက ဆန်တွေ အရည်အသွေးမမှီလို့ဆိုပြီး ဖျက်ဆီးခံခဲ့ရတဲ့ ကိစ္စကြောင့် ဆန်စပါးလောကသာမက စားသုံးသူတွေကပါ မေးခွန်တွေများစွာ ရှိနေကြပါတယ်။ အခု ဖျက်ဆီးခံလိုက်ရတယ်ဆိုတဲ့ ဆန်တွေဟာ ပိုးသတ်ဆေးသုံံးတာရယ် အခြား အရည်အသွေး မမီတာတွေကြောင့် မဟုတ်ဘဲ ကာလကြာရှည်စွာသိုလှောင်တာရယ် ဆန်တွေကို ရေစိုတာတွေရယ်ကြောင့် ဖြစ်နိုင်တယ်လို့ ဆန်စပါးအသင်းချုပ်တာဝန်ရှိသူတွေက သုံးသပ်ပါတယ်။
" အာဖရိကနိုင်ငံတွေကို တင်ပို့တဲ့ ဆန်တွေထက်စာရင် မြန်မာပြည်တွင်းမှာ စားနေတဲ့ ဆန်တွေက ပိုကောင်းတာပေါ့။ ဒါပေမယ့် ပို့တဲ့ဆန်တွေက မကောင်းဘူးလို့ပြောတာ မဟုတ်ပါဘူး။ ရေစိုပြီး ဖြစ်တယ်လို့ကြားတယ်။ အသေးစိတ်ကတော့ စုံစမ်းစစ်ဆေးနေဆဲပါ"လို့ မြန်မာနိုင်ငံဆန်စပါးအသင်းချုပ်မှ တာဝန်ရှိသူက Duwun ကိုပြောပါတယ်။
မြန်မာနိုင်ငံ ဆန်စပါးအသင်းချုပ်အနေနဲ့ မြန်မာနိုင်ငံက တင်ပို့တဲ့ဆန်တွေဟာ အန္တရာယ်ရှိတဲ့ စားသောက်ကုန်တွေ ဖြစ်တယ်လို့သတ်မှတ်ပြီး အိုင်ဗရီကို့စ်နိုင်ငံမှာ ဖျက်စီးခံလိုက်ရတဲ့ ကိစ္စအပေါ် စုံစမ်းစစ်ဆေးမှုတွေ ပြုလုပ်နေပါတယ်။ လက်ရှိမှာတော့ တာဝန်ရှိသူတွေအနေနဲ့ စုံစမ်းစစ်ဆေးမှုတွေဆောင်ရွက်နေပြီး အကြောင်းအရင်း အတိအကျသိရပါကလည်း မြန်မာနိုင်ငံ ဆန်စပါးအသင်းချုပ်အနေနဲ့ သတင်းစာရှင်းလင်းပွဲတစ်ရပ်ကို ပြုလုပ်ဖို့လည်းရှိနေပါတယ်။