ပိုလီယိုဟာ ပြင်းထန်တဲ့ ကူးစက်ရောဂါဖြစ်ပြီး တစ်ဦးမှတစ်ဦး အလွယ်တကူ ကူးစက်တတ်ပါတယ်။

အာဖရိကတိုက်မှာ ပိုလီယိုအရိုင်းပိုင်း ကင်းစင်ပြီဖြစ်ကြောင်း ကမ္ဘာ့ကျန်းမာရေးအဖွဲ့အစည်း (World Health Organization - WHO) က ဩဂုတ် ၂၅ ရက်နေ့မှာ ကြေညာလိုက်ပါတယ်။

(Photo: AFP)

အာဖရိကမှာ ပိုလီယိုကင်းစင်မှုဟာ ဆယ်စုနှစ်များကြာ ပိုလီယိုတိုက်ဖျက်ရေးမှာ သမိုင်းမှတ်တိုင်လည်း ဖြစ်လာပါတယ်။ "ဒီနေ့က အာဖရိကအတွက် သမိုင်းဝင်နေ့ပါပဲ" လို့ ပါမောက္ခ Rosee Gana Foman Leke က ပြောပါတယ်။ သူမ ဦးဆောင်တဲ့ကော်မရှင်က အာဖရိကတိုက်မှာ ပြီးခဲ့တဲ့ လေးနှစ်အတွင်း ပိုလီယိုအရိုင်းပိုး မတွေ့ရတော့ကြောင်း အတည်ပြုခဲ့ပါတယ်။



အာဖရိကမှာ တိုက်ဖျက်နိုင်ခဲ့တဲ့ ရောဂါပိုးစာရင်းမှာ ရေကျောက်ကဲ့သို့ပင် ပိုလီယိုအရိုင်းပိုးလည်း ပါဝင်လာခဲ့ပြီလို့ WHO က ပြောခဲ့ပါတယ်။ ၁၉၉၆ ခုနှစ်မှာ စတင်လုပ်ဆောင်ခဲ့တဲ့ ရောဂါတိုက်ဖျက်ရေးဖြင့် ကလေး ၁.၈ သန်းကို ပိုလီယိုကြောင့် ဘဝသက်တမ်းတစ်လျှောက် မသန်စွမ်းဖြစ်မယ့်အရေးကနေ ကာကွယ်တားဆီးနိုင်ခဲ့ပြီး ခန့်မှန်းခြေ ကလေး ၁၈၀,၀၀၀ ကို အသက်ကယ်နိုင်ခဲ့ကြောင်း WHO က ထုတ်ပြန်ပါတယ်။

(Photo: Getty Images)

ပိုလီယို (ဆေးပညာအခေါ်အရ Poliomyelitis) ဟာ ပြင်းထန်တဲ့ ကူးစက်ရောဂါဖြစ်ပြီး တစ်ဦးမှတစ်ဦး အလွယ်တကူ ကူးစက်တတ်ပါတယ်။ ပီုလီယိုဗိုင်းရပ်စ်ဟာ ကျောရိုးမကြီးကို ထိခိုက်ပျက်စီးစေပြီး ကလေးငယ်တွေမှာ ဘဝတစ်လျှောက်လုံး ပြန်မကောင်းနိုင်တော့တဲ့ မသန်စွမ်းအခြေအနေ ဖြစ်စေပါတယ်။

ပိုလီယိုရောဂါဟာ ၁၉၅၀ ပြည့်လွန်နှစ်များမှာ ကာကွယ်ဆေးမတွေ့ခင်အထိ ကမ္ဘာတစ်ဝန်း နိုင်ငံနဲ့ နယ်မြေဒေသအလိုက် ကူးစက်ဖြစ်ပွားတဲ့ ရောဂါဖြစ်နေခဲ့ပါတယ်။ ယခုအခါ ကာကွယ်ဆေးရှိပြီဖြစ်ပေမဲ့ အာရှနဲ့ အာဖရိကရှိ ဆင်းရဲတဲ့ နိုင်ငံအများအပြားမှာ အသုံးမပြုနိုင်သေးဘူးလို့ ဆိုပါတယ်။

၁၉၈၈ ခုနှစ်မှာ WHO, UNICEF နဲ့ Rotary International အဖွဲ့အစည်းတို့က ကမ္ဘာတစ်ဝန်း ပိုလီယိုတိုက်ဖျက်ရေး လှုပ်ရှားဆောင်ရွက်မှုတွေ စတင်လုပ်ဆောင်ခဲ့ပြီး ထိုစဥ်က တစ်ကမ္ဘာလုံးမှာ ပိုလီယိုဖြစ်ပွားသူ ၃၅၀,၀၀၀ ရှိနေခဲ့ပါတယ်။ ၁၉၉၆ ခုနှစ်မှာတော့ အာဖရိကတစ်နေရာတည်းမှာ ပိုလီယိုဖြစ်ပွားသူ ၇၀,၀၀၀ ကျော်ရှိခဲ့ကြောင်း သိရပါတယ်။

တစ်ကမ္ဘာလုံးက အားထုတ်ကြိုးပမ်းမှုနဲ့ နှစ်ပေါင်း ၃၀ အတွင်း အမေရိကန်ဒေါ်လာ ၃၀ ဘီလီယံ ကျခံသုံးစွဲကာ ရောဂါတိုက်ဖျက်ရေး ဆောင်ရွက်မှုတို့ကြောင့် ယခုနှစ်အတွင်း ပါကစ္စတန်နဲ့ အာဖဂန်နစ္စတန် နှစ်နိုင်ငံတည်းမှာသာ ပိုလီယိုအရိုင်းပိုင်း ကူးစက်ခံရသူ ၈၇ ဦး တွေ့ရှိခဲ့ရကြောင်း AFP သတင်းမှာ ဖော်ပြထားပါတယ်။

Share

Loading Next Article...
က္က