ဒဏ်ရာရသွားတာနဲ့ ရည်ရွယ်ချက်ရှိရှိ အဝါကတ်ပါ တခါတည်းယူသွားလိုက်တာပါ။

ဆဲလ်တာဗီဂိုရဲ့ အသင်းခေါင်းဆောင် တိုက်စစ်မှူး အက်စ်ပတ်စ်ဟာ ဒီတပတ်မှာ ကစားခဲ့တဲ့ ဗလင်စီယာနဲ့ပွဲမှာ အသင်းအတွက် ဦးဆောင်ဂိုးသွင်းယူနိုင်ခဲ့ပါတယ်။ ဂိုးသွင်းနိုင်ခဲ့တာ အထူးအဆန်းမဟုတ်ပေမယ့် အဲ့ဒီနောက်ပိုင်း သူရွှေ့သွားတဲ့အကွက်တွေက ပရိသတ်တွေ ပြန်သိရချိန်မှာ တော်တော်လေးကို ဥာဏ်ကောင်းလွန်းခဲ့တယ်လို့ဆိုနိုင်ပါတယ်။



ပွဲကစားချိန် (၁၀) မိနစ်မှာတင် အက်စ်ပတ်စ်က ဆဲလ်တာဗီဂိုအတွက် စောစောစီးစီး ဦးဆောင်ဂိုး သွင်းပေးခဲ့တဲ့နောက် အင်္ကျီချွတ်အောင်ပွဲခံခဲ့ပါတယ်။ ပရိသတ်တွေကတော့ ဒီလုပ်ရပ်အပေါ် ထူးဆန်းခဲ့ပေမယ့် ဒီကစားသမားက ဂိုးသွင်းရင်းနဲ့ ဒဏ်ရာရရှိခဲ့တာကြောင့် ချက်ချင်းလူစားလဲခဲ့ရပါတယ်။

အက်စ်ပတ်စ်ဟာ ဒီပွဲမတိုင်ခင်မှာ အဝါကတ် (၄) ကတ်ထိထားတာကြောင့် ဒဏ်ရာရသွားပြီဆိုတာ သိလိုက်ချိန်မှာ အင်္ကျီချွတ်အောင်ပွဲခံရင်း နောက်တဝါကို ရည်ရွယ်ချက်ရှိရှိနဲ့ ရယူသွားခဲ့တာပါ။ အဲ့ဒါကြောင့်လည်း အက်စ်ပတ်စ်တယောက် သီးသန့်ပွဲပယ်ခံစရာမလိုတော့ဘဲ လာမယ့်ပွဲတပွဲမှာ ဒဏ်ရာကြောင့် အနားယူရင်း အဝါကတ် (၅) ကတ်ပြည့်တဲ့ ပွဲပယ်ပြစ်ဒဏ်ကိုပါ တခါတည်း ယူသွားခဲ့တာဖြစ်ပါတယ်။

အက်စ်ပတ်စ်ရဲ့ လုပ်ရပ်ကို ပရိသတ်တွေကတော့ အံ့အားသင့်စွာနဲ့ ချီးမွမ်းနေကြပြီး အိုင်းစတိုင်းထက်တောင် ဥာဏ်ကောင်းတဲ့လုပ်ရပ်လို့လည်း ဆိုရှယ်မီဒီယာပေါ်မှာ ချီးကျူးနေခဲ့ကြတာပါ။ ဒီလိုမျိုး ရည်ရွယ်ချက်ရှိရှိ အဝါကတ် တမင်ရယူမှုတွေက ဘောလုံးလောကမှာ ထူးဆန်းတဲ့ဖြစ်ရပ်တော့မဟုတ်ပါဘူး။

တချိန်က ရီးရဲယ်မက်ဒရစ် ကစားသမားတွေ ချန်ပီယံလိဂ်မှာ အလားတူပြုလုပ်ခဲ့ဖူးသလို ပူပူနွေးနွေး နောက်ဆုံးကစားခဲ့တဲ့ ချန်ပီယံလိဂ်ပွဲမှာလည်း ရီးရဲယ်မက်ဒရစ် ကွင်းလယ်လူ ကက်စ်မဲရိုးက အဝါကတ်ကို တမင်ရယူဖို့ နည်းပြ အန်ဆယ်လော့တီကို စည်းရုံးခဲ့ပါသေးတယ်။ ဒါပေမယ့် အန်ဆယ်လော့တီကတော့ လက်ခံခဲ့ခြင်းမရှိပါဘူး။

အခုချိန်မှာတော့ အက်စ်ပတ်စ်တယောက် အဝါကတ်ကို ရည်ရွယ်ချက်ရှိရှိ ရယူသွားခဲ့တာကြောင့် ဒဏ်ရာက ပြန်လည်သက်သာလာခဲ့ရင် စိတ်ရှင်းရှင်းနဲ့ ပြန်လည်ကစားနိုင်တော့မှာလည်းဖြစ်ပါတယ်။ 


ဆက်စပ်အကြောင်းအရာများ

Share

က္က