အမှတ်ပေးဖလားကိုရယူနိုင်ဖို့ သေချာနေပြီဖြစ်တဲ့ လီဗာပူးလ်ဟာ လာမယ့်ရာသီအတွက် ကြိုတင်စဉ်းစားနေတာဖြစ်ပြီး အသင်းကထွက်ခွာမယ့်ကစားသမားတွေကလည်း အများအပြားရှိနေတယ်လို့ သိရပါတယ်။
သူ့ရဲ့အသင်းလူစာရင်းကို ပိုမိုတောင့်တင်းခိုင်မာစေဖို့အတွက် ရည်ရွယ်နေတဲ့ လီဗာပူးလ်နည်းပြကလော့ပ်ဟာ ဝုလ်ကစားသမားတွေဖြစ်တဲ့ ထရာအိုယေးနဲ့ နီဗက်စ်တို့ကို ခေါ်ယူဖို့ စောင့်ကြည့်နေကြောင်း သိရပါတယ်။ အမှတ်ပေးဖလားကိုရယူနိုင်ဖို့ သေချာနေပြီဖြစ်တဲ့ လီဗာပူးလ်ဟာ လာမယ့်ရာသီအတွက် ကြိုတင်စဉ်းစားနေတာဖြစ်ပြီး အသင်းကထွက်ခွာမယ့်ကစားသမားတွေကလည်း အများအပြားရှိနေတယ်လို့ သိရပါတယ်။
ရှာကွီရီ၊ လယ်လာနာတို့က သေချာပေါက်ထွက်ခွာရမှာဖြစ်ပြီး ၀ိုင်နယ်ဒမ်၊ ကီတာ၊ အော်ရီဂီတို့ရဲ့ အနာဂတ်ကတော့ မရေမရာဖြစ်နေတယ်လို့ Daily Mail က ဖော်ပြခဲ့ပါတယ်။ ဒီအတွက်ကြောင့် လီဗာပူးလ်ကို လာမယ့်ရာသီမှာ ကစားသမားအဝင်အထွက်ခပ်ကြမ်းကြမ်းနဲ့ မြင်တွေ့ရဖို့ရှိနေပြီး ကလော့ပ်က နူနိုဆန်းတို့စ်လက်အောက်မှာ ခြေစွမ်းပြနေတဲ့ ထရာအိုယေးနဲ့ နီဗက်စ်တို့နှစ်ဦးကို ပေါင်သန်း ၁၁ဝအထိ အသုံးပြုကာခေါ်ယူဖို့စဉ်းစားနေတာပါ။
ထရာအိုယေးကတော့ ဝုလ်အတွက် ဒီရာသီမှာအကောင်းဆုံးခြေစွမ်းပြနေတာဖြစ်ပြီး လေးဂိုးသွင်းကာ ၇ ကြိမ်ဖန်တီးထားပြီး လီဗာပူးလ်နဲ့ မကြာခဏဆိုသလို သတင်းတွေထွက်နေခဲ့သူဖြစ်ပါတယ်။ နီဗက်စ်ကလည်း အသင်းကွင်းလယ်ကို ထိန်းချုပ်ကစားပေးနေသူဖြစ်ပြီး ဥရောပထိပ်တန်းအသင်းကြီးတချို့ရဲ့ စောင့်ကြည့်ခြင်းခံနေရကာ အသင်းပြောင်းရွှေ့ဖို့စဉ်းစားနေတယ်လို့ သိရပါတယ်။
နီဗက်စ်ကတော့ ၂၀၁၇ မှာ ပေါ်တိုကနေ ပြောင်းရွှေ့ခဲ့သူဖြစ်ပြီး အသက် ၂၃နှစ်အရွယ်သာရှိသေးလို့ ရေရှည်အသုံးပြုလို့ရမယ့် ကစားသမားလည်းဖြစ်ပါတယ်။ လီဗာပူးလ်အနေနဲ့ လယ်လာနာကို ရာသီကုန်ထိ သက်တမ်းတိုစာချုပ်ချုပ်ဆိုထားပေမယ့် အသင်းကထွက်ခွာခွင့်ပြုတော့မှာဖြစ်ပြီး အသင်းကွင်းလယ်ပိုင်းအတွက် ဖန်တီးပေးနိုင်မှု ပြုလုပ်ပေးနိုင်မယ့် ကစားသမားတွေကို ကလော့ပ်က ရှာဖွေနေတာလည်းဖြစ်ပါတယ်။