စင်ကာပူနဲ့ထိုင်းမှာ ဗိုင်းရပ်စ်အသစ် ကူးစက်ခံရသူ ငါးဦးထက်မနည်း စစ်ဆေးတွေ့ရှိရပါတယ်။

စင်ကာပူမှာ အသက်ရှူလမ်းကြောင်းဆိုင်ရာ ကျန်းမာရေးပြဿနာဖြစ်စေတဲ့ တရုတ်နိုင်ငံ ဝူဟန်မြို့မှ ဗိုင်းရပ်စ်အသစ် ကူးစက်ခံထားရသူ သုံးဦး စစ်ဆေးတွေ့ရှိရကြောင်း ကျန်းမာ‌ရေးဝန်ကြီးဌာနက ထုတ်ပြန်ကြေညာထားပါတယ်။

(Photo: Reuters)

ပထမဆုံး‌တစ်ဦးမှာ စင်ကာပူကို မိသားစုနဲ့အတူ ရောက်ရှိလာတဲ့ အသက် ၆၆ နှစ်အရွယ် တရုတ်အမျိုးသားဖြစ်‌ေကြာင်း အစောပိုင်းမှာ ကျန်းမာရေးဝန်ကြီးဌာနက ပြောခဲ့ပါတယ်။ အဆိုပါအမျိုးသားဟာ ဗိုင်းရပ်စ်အသစ် စတင်တွေ့ရှိခဲ့တဲ့ တရုတ်အလယ်ပိုင်း ဝူဟန်မြို့မှဖြစ်ပြီး ဂွမ်ဇူးမြို့မှတစ်ဆင့် China Southern လေကြောင်းလိုင်း ခရီးစဥ်အမှတ် CZ351 ဖြင့် ဇန်နဝါရီ ၂၀ ရက်နေ့မှာ စင်ကာပူကိုရောက်ရှိလာခဲ့တာ ဖြစ်ပါတယ်။ ၎င်းကို စင်ကာပူအထွေထွေရောဂါကုဆေးရုံ (Singapore General Hospital - SGH) မှာ သီးသန့်ခွဲထားပြီး ကျန်းမာရေးအခြေအနေ တည်ငြိမ်မှုရှိကြောင်း သိရပါတယ်။



(Photo: AFP)

တရုတ်အမျိုးသားဟာ လေယာဥ်စီးလာစဥ် လည်ချောင်းနာနေခဲ့ပေမဲ့ ကိုယ်ပူခြင်း မရှိဘူးလို့ဆိုပါတယ်။ နောက်တစ်ရက်မှာတော့ ကိုယ်ပူလာခဲ့ပြီး ချောင်းစဆိုးလာခဲ့ကြောင်း စင်ကာပူ ကျန်းမာရေးဝန်ကြီးဌာနက ပြောပါတယ်။ ထိုအမျိုးသားက ယမန်နေ့ (ဇန်နဝါရီ ၂၂ ရက်) က SGH သို့ သွားရောက်ပြသခဲ့ပြီး ချက်ချင်းပင် သီးသန့်ခွဲထားခဲ့ကာ ည ၁၀ နာရီမှာ ဝူဟန်ဗိုင်းရပ်စ်ကူးစက်ခံထားရကြောင်း သံသယရှိသူအဖြစ် သတ်မှတ်ခဲ့ပါတယ်။

ယနေ့ ညနေ ၆ နာရီမှာတော့ တရုတ်အမျိုးသားထံမှာ ဗိုင်းရပ်စ်အသစ် ကူးစက်ခံထားရကြောင်း အတည်ပြုခဲ့တယ်လို့ စင်ကာပူ ကျန်းမာရေးဝန်ကြီးဌာနက ထုတ်ပြန်ပါတယ်။ စင်ကာပူမှာ ဝူဟန်ဗိုင်းရပ်စ် ကူးစက်ခံရကြောင်း သံသယရှိသူ ၂၈ ဦး တွေ့ခဲ့ရပြီး ၎င်းတို့အနက် ခုနစ်ဦးဟာ ဗိုင်းရပ်စ်ကူးစက်ခံရခြင်း မရှိကြောင်း အတည်ပြုနိုင်ခဲ့ပါတယ်။

(Photo: AFP)

ဗိုင်းရပ်စ်ကူးစက်ခံရကြောင်း သံသယရှိသူတွေဟာ အသက်တစ်နှစ်မှာ ၇၈ နှစ်ကြားအရွယ်တွေ ဖြစ်တယ်လို့ဆိုပါတယ်။ အရှေ့တောင်အာရှ နိုင်ငံတစ်နိုင်ငံဖြစ်တဲ့ ထိုင်းမှာလည်း ဝူဟန်ဗိုင်းရပ်စ်ကူးစက်ခံရသူ ၄ ဦး စစ်ဆေးတွေ့ရှိထားပါတယ်။ ထို့အတူ ဗီယက်နမ်နိုင်ငံမှာလည်း တရုတ်အမျိုးသားနှစ်ဦးထံမှာ ဗိုင်းရပ်စ်ကူးစက်ခံထားရမှု တွေ့ရှိခဲ့ရပြီး ဆေးရုံမှာ ကုသမှုခံယူနေကြောင်း အာဏာပိုင်တွေက ယနေ့ ပြောပါတယ်။

ဝူဟန်မြို့မှာ စတင်တွေ့ရှိခဲ့ရတဲ့ ဗိုင်းရပ်စ်အသစ် ကူးစက်ခံရမှုကြောင့် ယနေ့အထိ တရုတ်မှာ လူ ၂၆ ဦးထက်မနည်း သေဆုံးခဲ့ပြီး ကူးစက်ခံရသူ ၈၀၀ ကျော်ရှိလာပြီ ဖြစ်ပါတယ်။ ဒါ့အပြင် တရုတ်ပြည်မကြီးပြင်ပမှာ ဗိုင်းရပ်စ်ကူးစက်မှုများအဖြစ် ယနေ့အထိ ထိုင်းမှာ ၄ ဦး၊ ဂျပန်မှာ နှစ်ဦး၊ တောင်ကိုရီးယားမှာ တစ်ဦး၊ ထိုင်ဝမ်မှာ တစ်ဦး၊ အမေရိကန်မှာ တစ်ဦး၊ ဟောင်ကောင်မှာ နှစ်ဦး၊ မကာအိုမှာ နှစ်ဦး၊ စင်ကာပူမှာ သုံးဦးနဲ့ ဗီယက်နမ်မှာ နှစ်ဦး စစ်ဆေးတွေ့ရှိရကြောင်း အတည်ပြုထားပါတယ်။

(Photo: AP)

ဝူဟန်မှာ စတင်တွေ့ရှိရတဲ့ ဗိုင်းရပ်စ်စတင်ရာ အဓိကရင်းမြစ်ဟာ တိရိစ္ဆာန်ဖြစ်နိုင်ကြောင်း WHO နဲ့ တရုတ်ကျွမ်းကျင်ပညာရှင်တွေက ယုံကြည်ထားပါတယ်။ ယခု ဗိုင်းရပ်စ်အသစ်ဟာ ၂၀၀၂-၂၀၀၃ ခုနှစ်က ကမ္ဘာတစ်ဝှမ်း ၂၆ နိုင်ငံရှိ လူဦးရေ ၈,၀၀၀ ကျော်ကို ကူးစက်ပျံ့နှံ့ခဲ့ပြီး တရုတ်ပြည်မကြီးမှာ ၃၄၉ ဦးနဲ့ ဟောင်ကောင်မှာ ၂၉၉ ဦး သေဆုံးခဲ့တဲ့ SARS (Severe Acute Respiratory Syndrome) ရောဂါဗိုင်းရပ်စ်အုပ်ဝင် ဗိုင်းရပ်စ်အသစ်တစ်မျိုး ဖြစ်နိုင်တာကြောင့်လည်း စိုးရိမ်ပူပန်မှုတွေ ရှိနေခဲ့ပါတယ်။

2019-nCoV ဗိုင်းရပ်စ်အကြောင်း သိကောင်းစရာအချို့

  • WHO က ရည်ညွှန်းသတ်မှတ်ထားတဲ့ 2019-nCoV ဗိုင်းရပ်စ်ဟာ ယခင်က လူသားတွေမှာ မတွေ့ခဲ့ရဖူးတဲ့ အသက်ရှူလမ်းကြောင်းဆိုင်ရာ ကျန်းမာရေးပြဿနာ ဖြစ်စေနိုင်တဲ့ ဗိုင်းရပ်စ်အသစ်တစ်မျိုး ဖြစ်ပါတယ်။
  • အသက်ရှူလမ်းကြောင်းဆိုင်ရာ ကျန်းမာရေးပြဿနာဖြစ်စေတဲ့ ဗိုင်းရပ်စ် (coronavirus) တွေဟာ ဗိုင်းရပ်စ်အများအပြားပါဝင်တဲ့ အုပ်စုမှဖြစ်ပြီး ယခင်က ထိုအုပ်စုထဲမှ ဗိုင်းရပ်စ်ခြောက်မျိုးသာ လူတွေကို ကူးစက်ခဲ့ဖူးပါတယ်။ ယခု တရုတ်မှာ ကူးစက်ပျံ့နှံ့နေတဲ့ 2019-nCoV ဗိုင်းရပ်စ်က လူတွေကို ကူးစက်တဲ့ ခုနစ်ခုမြောက် ဗိုင်းရပ်စ်ဖြစ်လာပါတယ်။
  • 2019-nCoV ဗိုင်းရပ်စ်ရဲ့ အဓိကရင်းမြစ်ဟာ တိရိစ္ဆာန်ဖြစ်နိုင်ခြေ အများဆုံးလို့ သိပ္ပံပညာရှင်တွေက ယုံကြည်ထားပါတယ်။ ထိုဗိုင်းရပ်စ်ဟာ လူတစ်ဦးမှတစ်ဦးသို့ အလွယ်တကူ လျင်မြန်စွာကူးစက်နိုင်ပါတယ်။
  • ဗိုင်းရပ်စ်ကူးစက်ခံရသူတွေဟာ ကိုယ်ပူခြင်း၊ ချောင်းဆိုးခြင်း သို့မဟုတ် ရင်ကျပ်ခြင်းနဲ့ အသက်ရှူရခက်ခဲခြင်းတို့ အပါအဝင် ရောဂါလက္ခဏာတွေ ခံစားရနိုင်ပါတယ်။
  • 2019-nCoV ဗိုင်းရပ်စ်နဲ့ ပတ်သက်ပြီး တိရိစ္ဆာန်တွေကို အကာအကွယ် မလုပ်ထားဘဲ ထိတွေ့ခြင်း မပြုရန်၊ အသားနဲ့ ဥတွေကို သေချာစွာ ချက်ပြုတ်ကြရန်နဲ့ အအေးမိ တုပ်ကွေးကဲ့သို့ ရောဂါလက္ခဏာရှိနေသူတွေနဲ့ အနီးကပ် ထိတွေ့နေထိုင်ခြင်း မပြုရန် အကြံပြုထားပါတယ်။

Source: CNA, Reuters

Share

Loading Next Article...
က္က